ငလျင်ဒဏ် ခံခဲ့ရသည့် ပုဂံဘုရားပုထိုးများ ပြင်ဆင်မွမ်းမံမှုကို၂၀၂၀ တွင် ပြီးမြောက်အောင် ဆောင်ရွက်မည် မျှော်မှန်းထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ အရာရှိတဦးက ပြောသည်။
မကွေးတိုင်း၊ ချောက်မြို့နယ်၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ချတ်တာစကေး ၆.၈ ရှိ ငလျင် လှုပ်ခတ်ခဲ့မှုမှာ သြဂုတ်လ ၂၄ ရက်နေ့၊ ကြာသပတေးနေ့တွင် တနှစ်ပြည့်ပြီ ဖြစ်သည်။ ယင်းငလျင်ကြောင့် ချောက်မြို့၏ မြောက်ဘက်တွင် တည်ရှိရာပုဂံဘုရား ပုထိုးပေါင်း ၃၈၉ ဆူထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ စာရင်းများအရသိရသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ UNESCO ၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာများ အသင်းနှင့် မြန်မာနိုင်ငံ ငလျှင်ကော်မတီ စသည့် အဖွဲ့အစည်းများမှ ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ ပါဝင်ဖွဲ့စည်းထားသော ပညာရှင်အဖွဲ့၏ အကူအညီဖြင့် ပျက်စီးသွားသော ဘုရားပုထိုးများကို ပြုပြင်လျက်ရှိသည်။
ဘုရားပုထိုးများ၏ ပျက်စီးမှုကိုထိခိုက်မှု အခြေအနေနှင့် ၎င်းတို့၏ အမွေအနှစ်တန်ဖိုးပေါ် မူတည်ကာဦးစားပေးအဆင့် ၃ ဆင့်ခွဲကာ ပြုပြင်လျက် ရှိကြောင်းလည်း သိရသည်။ အသေးစားပျက်စီးမှု တတိယ ဦးစားပေး ဘုရားပုထိုးအဆူ ၂၂၄ ဆူကိုယခုနှစ် ဧပြီလတွင် အပြီး ပြုပြင်ခဲ့ပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ ဦးအောင်အောင်ကျော် က ပြောသည်။
ငလျင်ဒဏ်ခံဘုရားပုထိုးများအတွက် အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းများကို မနှစ်က ပြုလုပ်ပြီးစီးခဲ့ပြီး ၂၀၁၇ အကုန်တွင် နောက်ထပ်ဘုရားပုထိုးအဆူ ၅၀ ကို ပြုပြင်ပြီးစီးနိုင်ရန် မျှော်မှန်းထားသည်ဟုလည်းဆိုသည်။
ဦးအောင်အောင်ကျော် က “ဆောင်ရွက်တဲ့အခါမှာ အဆူ ၅၀ ဆိုပေမယ့်လည်း အဆူ ၅၀ စလုံးက အကုန်လုံး ပြီးချင်မှ ပြီးလိမ့်မယ်။ တချို့ အဆူတွေက ရှေ့တနှစ်၊ နှစ်နှစ်၊ သုံးနှစ်လောက်အထိ ဆက်လုပ်ရမယ့်ဟာတွေ ရှိတယ်။ ဒီနှစ်ထဲမှာ ပြီးသွားမယ့် ဘုရားတွေ ရှိသလိုနောက်နှစ်တွေ အထိဆက်လုပ်ရမယ့် ဘုရားတွေလည်းရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကပင် ဆက်၍ “ထိန်းသိမ်းမှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါမှာ အလျင်စလို လုပ်တာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံတကာ ပညာရှင်တွေက ပေးတဲ့ အကြံပြုချက်တွေရော၊ တို့နိုင်ငံမှာဖွဲ့ထားတဲ့ Expert Team ကရော ကွင်းဆင်းတယ်။ စိစစ်တယ်။ လိုအပ်တဲ့ဟာကို အကြံပေးတယ်။ သူတို့အကြံပေးချက် အတိုင်းကိုပဲ ဒီထိန်းသိမ်းမှု လုပ်ငန်းကို ဆောင်ရွက်နေတယ်” ဟု ပြောသည်။
ငလျင်ဒဏ်ခံ ဘုရားပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အတွက် စုစုပေါင်းအလှူငွေ ကျပ် ၅.၇ ဘီလီယံနှင့် နိုင်ငံတကာမှ အမေရိကန် ဒေါ်လာ ၁.၁ သန်းကျော် ရရှိခဲ့ကြောင်းလည်း ဝန်ကြီးဌာန၏ စီမံ/ဘဏ္ဍာဌာနမှ သိရှိရသည်။
၂၀၂၀ တွင် ပြီးစီးအောင် ပြုပြင်မည်ဆိုသည်မှာ လတ်တလော (ထပ်မံပျက်စီးရန်) အန္တရာယ်ရှိနေသည့် ဘုရားပုထိုးများကို ပြင်ဆင်မွမ်းမံခြင်းသာ ဖြစ်ပြီးပုဂံဒေသ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများမှာ ပုဂံဒေသ တည်ရှိနေသရွေ့ ရေရှည်ဆောင်ရွက်နေရမည့် ကိစ္စဖြစ်ကြောင်းဆိုသည်။
မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း ဒုဥက္ကဋ္ဌနှင့် ပြုပြင်မွမ်းမံရေးအတွက် (Expert Team) ကျွမ်းကျင် ပညာရှင်အဖွဲ့ဝင် တဦးလည်းဖြစ်သူ ဦးမော်လင်း ပုဂံဘုရားပုထိုးများကို အထူးသတိထား ထိန်းသိန်းရန် လိုအပ်ကြောင်း ထောက်ပြသည်။
ဦးမော်လင်းက “ရေရှည်က အများကြီး ထိန်းရမယ့်ဟာတွေ ရှိတယ်။ တော်တော်ကို သတိထားပြီး ထိန်းရမယ့် ဟာတွေက အများကြီးရှိတယ်။ အကြောင်းအရာ ပေါင်းစုံရှိတယ်။ သဘာဝ ဘေးအန္တရာယ်တင် မဟုတ်ဘူး။ အခြေအနေ အမျိုးမျိုးကြောင့် ထိန်းသိမ်းရမယ့် ကိစ္စတွေလည်းရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတခုလုံး ရေရှည်တည်တံ့ရေး အတွက် ထိန်းသိမ်းရာတွင် ပုဂံဒေသခံများ၊ ရှေးဟောင်း ဘုရားပုထိုးများနှင့် အဆောက် အအုံ စီမံကိန်းများ အတွက် အုပ်ချုပ်မှုဆိုင်ရာ နယ်နိမိတ် သတ်မှတ်ချက်များ စသည်တို့ ပါဝင်သည့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဇုန်ခွဲခြားသတ်မှတ်ခြင်း စီမံချက် (Zoning Plan) ပြုလုပ်ပြီးစီးရန် အရေးကြီးကြောင်းလည်း ဦးမော်လင်းက ဖြည့်စွက်ပြောဆိုသည်။
ပုဂံရှိ ရှေးဟောင်း ဘုရားပုထိုးများသည် ၉ ရာစုနှင့် ၁၃ ရာစုအတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည် အများဆုံးလာရောက်သော ဒေသ ဖြစ်သည်။
ယခင်အစိုးရ အဆက်ဆက်က ဆောင်ရွက်ခဲ့သော စံချိန်မမီ၊ လွဲမှားသော ပြုပြင်မှုများကြောင့် ပုဂံရှေးဟောင်းမြို့တော်သည် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ် မခံရသေးခြင်းဖြစ်သည်။
သို့သော်လည်း ယခုနှစ် စက်တင်ဘာတွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ အဖြစ် ထပ်မံလျှောက်ထားရန် စီစဉ်ထားကြောင်းသိရသည်။