သတင်း

ရခိုင် လက်နက်ကိုင် အဖွဲ့ချင်း ဖြစ်သော AA နှင့် ALP တိုက်ပွဲ ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ်အနီး ရက္ခိုင့် တပ်မတော် (AA) နှင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP)တို့ ယခုရက်ပိုင်း တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်းရသည်။

သြဂုတ် ၂၂ ရက်က စတင်၍ ယနေ့ အထိ AA နှင့် ALP တို့သည် သုံးနိုင်ငံ နယ်စပ် ကုလားတန်ဂိတ် အနီးရှိ ချင်း ပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝ ကျေးရွာအနီး ၄ မိုင်ခန့် အကွာတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

“သြဂုတ် ၂၂ ရက်က နေ့လယ်၂ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ စခန်းက ရိုးရိုးစခန်းပါ သိပ်မကြီးဘူး။ နယ်စပ်မှာပဲ ဆက်ဖြစ်နေသေးတယ်။ စခန်းတခုတော့ ပေးလိုက်ရတယ်။ ကျနော်တို့ဘက်က ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က AA ဘက် ကို စာပို့ထားတယ်။ တိုက်ပွဲတွေ ရပ်တန့်ဖို့ အတွက်ပေါ့။ တွေ့ဆုံဆွေးနွေးနိုင်ဖို့ စာပို့ အကြောင်းကြားထားပါတယ်”ဟု ALP တွဲဖက် အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက ပြောသည်။

ALP မှ ရဲဘော် ၂၀ ဝန်းကျင်ရှိသော စခန်းတခုကို AA ဘက်မှ အင်အား ၇၀ ဝန်းကျင်နှင့် လက်နက်ကြီးများ အသုံးပြု ၍ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ထိုစခန်းကို သိမ်းသွားခဲ့သည်ဟုလည်း ဆိုသည်။

ယခုတိုက်ပွဲအတွင်း လူ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

တိုက်ပွဲ မဖြစ်ပွားခင် သြဂုတ် ၂၀ ရက်က ALP ၏ ခရီးသွား ရဲဘော်နှစ်ဦး (ယူနီဖောင်းနှင့် လက်နက်မပါ) ဖြစ်သော ခိုင်ပြည်သိန်းနှင့် ချက်ကြီးတို့အား လည်းကောင်း၊ သြဂုတ် ၂၁ ရက်တွင် ALP ဌာနချုပ်သို့ သတင်းပို့ရန် သွားသည့် မီးသွေးနှင့် နောက်တဦးတို့ကို လည်းကောင်း လမ်း၌ AA ဘက်မှ ဖမ်းဆီးသွားကြောင်း ALP ဘက်က ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို သေချာ မသိရသေးကြောင်း၊ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် ကြိုးစားနေကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောဆိုသည်။

၂၀၁၇ ခုနှစ် မေလ ၄ ရက်က AA ဘက်မှ ထုတ်ပြန်ချက်တွင် ဧပြီ ၂၈ ရက် သို့မဟုတ် ၂၉ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နတ်ကျောက်ဆရီ မြို့နယ်၊ အင်းသုံးဆယ် ရွာအတွင်းသို့ AA ဟုဆိုကာ ALP မှ ရဲဘော်များ ဆက်ကြေး ကောက် သွား ခဲ့ကြောင်း၊ မေ ၃ ရက်တွင် ထပ်မံ၍ ထိန်လင်းနှင့် ထွန်းဝင်း ဦးဆောင်သော အင်အား ၃၀ ဝန်းကျင်က ဆက်ကြေး ကောက်ခံမှု ပြုလုပ်ခဲ့ပြန်ကာ မေ ၄ ရက်တွင် သုံးကြိမ်မြောက် ဆက်ကြေး ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြ ထား သည်။

“မိမိတို့ အနေဖြင့် အနီးကပ် စောင့်ကြည့်လျက်ရှိပြီး လွန်ခဲ့သော နှစ်ကြိမ် အဖြစ်မျိုးအား ထပ်မံကျူးလွန်မည် ဆိုပါက ထိုက်တန်သော ပြုလုပ်မှုမျိုးကို လုပ်ဆောင်မယ်။ မိမိတို့အနေနဲ့ မိဘပြည်သူတို့၏ ချွေးနှဲစာများကို လိမ်လည် ကောက် ခံ လာသူများကို ၎င်းတို့နဲ့ ထိုက်တန်တဲ့ ပြုလုပ်မှုမျိုးကို လုပ်ဆောင်သွားမယ်”ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ALP တွဲဖက်အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကမူ AA ၏ ထုတ်ပြန်ချက်ကို ငြင်းဆိုကြောင်း ပြောသည်။

ALP သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသော အဖွဲ့ ဖြစ်သည်။

AA မှာ NCA မထိုးရေး အပါအဝင် စာချုပ်အသစ် ဖော်ဆောင်ပေးရန်နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ဖြင့်သာ ဆွေးနွေးရန် သဘောထား ရှိသည့် အဖွဲ့ ဖြစ်သည်။

FPNCC သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ ပါဝင်သော မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဖြစ်သည်။

AA သည် တပ်မတော်နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်းက ချင်း ပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသလို လက်ရှိလည်း ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading