သတင်း

တောင်ဒဂုံ ဆီဘောက်ဆာကား မီးလောင်မှု အမှုဖွင့် စုံစမ်းနေဆဲဟုဆို

Want create site? Find Free WordPress Themes and plugins.

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အတွင်း ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာကား မီးလောင်မှုနှင့် ပတ်သက် ပြီး ယာဉ် မတော်တဆမှု၊ မီးပေါ့ဆမှု တို့ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်း က ပြော သည်။

“၂၇၉/၂၈၅ နဲ့ ဖွင့်ထားတယ်။ ၂၇၉ က ယာဉ် မတော်တဆမှု။ ၂၈၅ က မီးပေါ့ဆမှု။ နှစ်ဖက်စလုံးပါ။ ဘာမှမစစ်ရသေး ဘူး။ စုံစမ်းဆဲပဲ ရှိသေးတယ်။ ဒဏ်ရာရရှိသူ မတွေ့ဘူး” ဟု တောင်ဒဂုံရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။

အခင်းဖြစ်ပွားပုံ နှင့် အမှုဖြစ်စဉ် အသေးစိတ်ကိုမူ ဖြေကြားခြင်း မရှိပါ။

သြဂုတ် ၂၂ ရက် ည ၉း၄၅ ခန့်က ပြည်ထောင်စု လမ်းမကြီးနှင့် ယဉ်ကျေးမှု တက္ကသိုလ်လမ်းသွယ် – လမ်းဆုံ တွင် Pongrawe Cargo Link Logistics Co.,Ltd (PCL) ကုမ္ပဏီပိုင် ဆီဘောက်ဆာအား ကွန်တိန်နာကား က နောက်မှ ဝင် တိုက်ခဲ့သဖြင့် ဆီဘောက်ဆာ ကား၏ အခန်း ၃ ခန်းအနက် ၁ ခန်းပွင့်၍ ဆီဖိတ်ပြီး ဆီဘောက်ဆာကား မီးလောင် သွားကြောင်း PCL ဘက်က ထုတ်ပြန် ထားသည်။

ထို့အပြင် ဖိတ်စဉ်သော ဆီများကြောင့် ကားလမ်းမဘေး အိမ် ၇ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဝင်တိုက်သည့် ကွန်တိန် နာ ယာဉ်မောင်းသူ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း PCL ကုမ္ပဏီ၏ ဥပဒေ အကြံပေးဖြစ်သူ တရား လွှတ်တော် ရှေ့နေ ဦးနေလက သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် ထွက်ပြေးတိမ်းရှောင်နေသူ ကွန်တိန်နာယာဉ်မောင်းကို သက်ဆိုင်ရာ ရဲစခန်းမှ ရှာဖွေဖမ်းဆီး လျက် ရှိကြောင်း၊ ဆီဘောက်ဆာကား အတိုက်ခံရပြီး မီးလောင်မှု ဖြစ်ပွားရခြင်းများနှင့် ပတ်သက်၍ PCL ကုမ္ပဏီ က ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ဖော်ပြထားသည်။

တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “အဲဒီဆီက လေယာဉ်ဆီဖြစ်တယ်။ တိုုက်မိပြီး ပေါက်ထွက် သွားတဲ့ အခါမှာ ဆီတွေက ပန်းသလိုမျိုး ဖြစ်သွားတယ်။ လှမ်းကြည့်လိုက်တဲ့ အခါ ရေပန်းသဖွယ် ဖြစ်ပြီး ဆီငွေ့လေး တွေ မြင်ရတယ်။ အဲဒီနောက်ကို မီးတန်းက တောက်လျှောက် လိုက်တာဆိုတော့ အဲဒီတည့်တည့် လမ်းမကြီးနားက ရှိတဲ့ သုံးထပ်တိုက်က အကုန်လုံးနီးပါးလောက် ပျက်စီးဆုံးရှုံးသွားတယ်။ အဲဒီဟာနဲ့အတူ ဆိုင်ခန်း ၄ ခန်းလည်း ဘာ တခုမှ ပြန်မရဘူး။ သဘာဝ ဘေးအန္တရာယ်ထက် စာရင် ဒါက အိမ်တွေက သူ့ဘာသာနေပြီး လမ်းပေါ်မှာဖြစ်တဲ့ ဟာကို ခံရ တဲ့အတွက် တော်တော်လေးကို စိတ်မကောင်းဖြစ်တယ်” ဟု ပြောသည်။

ကိုယ့်အိမ်တွင် နေရင်းက လမ်းမပေါ်မှ ပေါ့ဆမှုတခုကြောင့် ပျက်စီးဆုံးရှုံး နစ်နာသွားရသည့် ပြည်သူများ အတွက် သက်ဆိုင်ရာများက တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် ကူညီစုံစမ်း ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တောင်ဒဂုံမြို့နယ်နေ ဦးအောင်နိုင်မင်း က“ဆီတင်ယာဉ်ရော ကွန်တင်နာတင်ယာဉ်ပါ မသွားရမယ့်လမ်းကို သုံးပြီး သွားခဲ့လို့ အဖြစ်က ပိုဆိုးသွားပုံပါ။ မောင်းမကန် လမ်းမအတိုင်းသွားရင် ကားလမ်းကြပ်ပြီး ကြာမှာကို ဖြတ်ချပုံ ရပါ တယ်။ အခုဖြစ်တဲ့လမ်းက ကုန်တင် ကုန်ချသာ ဝင်ခွင့်ရှိတာပါ။ ဆီတင်ယာဉ်တွေ ရပ်ကွက်ထဲ ထမင်းပြန်စားလိုက်၊ ဆိုင်တွေမှာ သောက်စား အပန်းဖြေ လိုက်နဲ့ ဒီအဖြစ်ဆိုးတွေ မကြုံခင်အထိပေါ့” ဟု ပြောသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် လူအသေအပျောက် မရှိကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေ ကျပ် ၆၆၄ သိန်း ရှိ ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း) မီးသတ်စခန်းမှ စုံစမ်းသိရသော်လည်း အသေးစိတ် အခြေအနေကို ပြောဆိုခြင်း မရှိ ပါ။

မီးလောင်မှု များသောကြောင့် Level 4 အဆင့်ထိ သတ်မှတ်ကာ ငြှိမ်းသတ်ခဲ့ရပြီး ည ၁၀ း ၅၀ ခန့်တွင်မှ မီးငြိမ်းခဲ့ ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading