မြန်မာအစိုးရသို့ ပေးအပ်လိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာသည် ၂ ဖက် အသိုင်းအဝိုင်းကြား အဆင်ပြေစေရန် အပြုသဘောဆောင်သည့် အကြံပြုချက်များကိုသာ ထည့်သွင်းထားသဖြင့် ဘက်လိုက်မှု မရှိဟု ယုံကြည်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ကိုဖီအာနန်က ပြောကြားသည်။
သြဂုတ်လ ၂၃ ရက်နေ့က နေပြည်တော် လွှတ်တော် အဆောက်အအုံ ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်တွင် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သော အဖွဲ့နှင့် အာဏာရ ဒီချုပ်ပါတီမှ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄ ဦး တို့ တွေ့ ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စီးပွားရေး၊ လူမှုရေး ကိစ္စ အဝဝတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားတဲ့ အ ကြောင်း၊ ဒီအစီရင်ခံစာဟာ ဘက်လိုက်နိုင်တယ်လို့ ပြောနေကြပေမယ့် လုံးဝ ဘက်လိုက်မှု မရှိဘဲ ရေးသားထားတဲ့ အကြောင်း၊ အားလုံးဟာ အပြု သဘောဆောင်တဲ့ အကြံပြုချက်တွေပဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ရှင်းပြတယ်”ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့်ု တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ဧရာဝတီသို့ ပြောသည်။
ပဋိပက္ခများ ပြေလည်စေရန် ၂ဖက်အသိုင်းအဝိုင်း စကားပြောလာနိုင်ရေး မည်သို့ လုပ်ဆောင်သင့်ကြောင်း၊ ရခိုင်ပြည် နယ် လူထုအကျိုးစီးပွား၊ တနိုင်လုံး၏ အကျိုးစီးပွားနှင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ရည်ရွယ်ကာ ရေးထား ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းကပြောသည်။
ယခု ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို မဖြေရှင်းဘဲ ရှောင်လွှဲမည်ဆိုပါက နောင်တွင် ရခိုင် ပြဿနာသည် ကိုင် တွယ်ရ ပိုခက်လာနိုင်ကြောင်း၊ ရခိုင်ပြည်နယ်အတွက် အဓိက အားပေးရမည်မှာ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှု၊ ခရီး သွား လာရေး လုပ်ငန်းများ ဖြစ်ကြောင်း၊ ယင်းအချက်များ ပြည်စုံလာပါက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အတွက် အထောက်အကူ များစွာ ရှိနိုင်သည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားကြောင်း သိရသည်။
အစီအရင်ခံစာတွင် လူ့အဖွဲ့အစည်း ၂ ခုကြား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း လုပ် ကိုင်နိုင်ရန်၊ နိုင်ငံသား စိစစ်မှု ကတ်များကို ထုတ်ပေးသင့်သူများအား ထုတ်ပေးရန်ဆိုသည့် အချက်များ ပါဝင်ကြောင်း၊ ၎င်း၏ အစီရင်ခံစာ အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေး တစုံတရာ ရလာမည်ဟု မျှော်လင့်ကြောင်း ကိုဖီအာနန် က ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ NLD ပါတီ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက ပြောသည်။
“ကျနော်တို့ ပြန်ပြောဖြစ်တာကတော့ ရခိုင်မှာက လူဦးရေ သန်းခေါင်စာရင်းတောင် မမှန်ဘူးလို့။ စာရင်းကောက်တဲ့ ဝန်ထမ်းတွေ သွားရင်လည်း အသတ်ခံကြရတယ်။ အဲဒီတော့ သူတို့ရွာတွေထဲကို ဘယ်သူမှ မသွားရဲဘူး။ အဲဒီတာ့ ဘဂါၤလီတွေကို နိုင်ငံသား စိစစ် ထုတ်ပေးဖို့က အခက်အခဲတွေ ရှိတယ်လို့ ရှင်းပြလိုက်တယ်”ဟု ဦးမြင့်ဝေက ပြော သည်။
ဒေါက်တာ ကိုဖီအာနန်၏ ကော်မရှင် သက်တမ်းသည် ပြီးဆုံးသွားသော်လည်း ရခိုင်အရေးမှာ မပြီးပြတ်သေး၍ နိုင်ငံ တကာတွင် ရခိုင်ပြည်နယ်၏ အဖြစ်မှန်များကို ချပြ ပြောဆိုပေးရန် တောင်းဆိုခဲ့ကြောင်း၊ ပြည်နယ်တွင် လိုအပ်နေ သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဇုန်များ ဖြစ်ထွန်း လာရေးတို့အတွက် အထောက်အပံ့ပေးနိုင်မည့် အလှူရှင် များ ရှိပါက ကူညီပေးရန် ရခိုင်အမတ်များက တောင်းဆိုခဲ့ကြသည်။
ရခိုင်အကြမ်းဖက် ပြဿနာသည် သာမန် နိုင်ငံရေး ပြဿနာ၊ ဖွံ့ဖြိုးရေး ပြဿနာတခုထက် ကျော်လွန်ကာ အကြမ်း ဖက်ဝါဒနှင့် ဆက်စပ်နေပြီး နိုင်ငံတကာနှင့်ပါ ချိန်ဆက် လုပ်ဆောင်နေ၍ ယခု ပြဿနာကို ၂ ဖက် မျှတ စဉ်းစားကာ ချဉ်းကပ်ရမည့် အချိန် မဟုတ်တော့ကြောင်း၊ ဘက်မလိုက်ဘူးဆိုသည့် အကြောင်းပြချက်သည် ယခုအချိန်တွင် မလုံ လောက်တော့ကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် ရခိုင် အမျိုးသားပါတီ (ANP) အ တွင်းရေးမှူး ဦးဦးလှစောက ပြောသည်။
ဦးဦးလှစောက “မှန်မှန်ကန်ကန် ချဉ်းကပ်၊ မျှမျှတတ စဉ်းစားဆိုတာတွေက ၂ ဖက် လူ့အဖွဲ့အစည်းကို ပြဿနာ ပြေ လည်မယ်လို့ ပြောတယ်။ အခုဟာက အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးကိစ္စကြီး။ အဲဒါကြောင့် ပြတ်ပြတ် သားသား ပြောဖို့လိုပြီ။ အကြောင်းပြချက်တွေ မလိုချင်တော့ဘူး” ဟု ပြောသည်။
ကော်မရှင်သည် အပြီးသတ် အစီရင်ခံစာကို ဩဂုတ် ၂၃ ရက်နေ့တွင် သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့ပြီး ယနေ့ ဩဂုတ်၂၄ ရက်နေ့၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ကာ ညနေ ပိုင်း ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်။
ကိုဖီအာနန်ဦးဆောင်ပြီး အဖွဲ့ဝင် ၉ ဦးပါဝင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ၂၀၁၆ ဩဂုတ်လ ၂၄ ရက်နေ့တွင် ဒီချုပ်အစိုးရက ဖွဲ့စည်းပေးခဲ့ပြီး ယခုနှစ် ဩဂုတ်လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
ထွန်းထွန်း ပူးပေါင်း ရေးသားသည်။