မွန်ပြည်နယ်အတွင်းရှိ ဝင်ငွေနည်းပါးသော အမျိုးသမီးများနှင့် လုပ်ငန်းများ လုပ်ကိုင်နေကြသည့် အမျိုးသမီးများအတွက် အခွင့်အရေးတရပ်အဖြစ် ဈေးသင်္ဘောကို ၂ နှစ်အတွင်း အပြီး တည်ဆောက်တော့မည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သြဂုတ်လ ၂၂ ရက်နေ့၌ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ တာဝန်ရှိသူများက မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် တည်ဆောက်ရန် လျာထားသည့် ဈေးသင်္ဘောစီမံကိန်းကို ဒေသခံများအား လာရောက် မိတ်ဆက်ခဲ့ ကြောင်း သိရသည်။
ဂျပန်နိုင်ငံက လှူဒါန်းသည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်း ရန်ပုံငွေ ကန်ဒေါ်လာ ၃ သန်းဖြင့် နွမ်းပါးသူများနှင့် အမျိုးသမီးအတွက် ရည်ရွယ်သော ယင်းစီမံကိန်းရှေ့ပြေးအဖြစ် တာဝန်ရှိသူများက မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ငွေမိုး ဟိုတယ်၌ မိတ်ဆက် တင်ပြခဲ့ခြင်း ဖြစ်သည်။
“ဆင်းရဲမွဲတေပြီး ဝင်ငွေနည်းပါးတဲ့ အမျိုးသမီးတွေနဲ့ လက်မှုလုပ်ငန်းရှင်တွေကို ခရီးသွားလာရေး ဈေးကွက်နဲ့ ချိတ်ဆက် ပေးဖို့ပါ၊ ဒေသတွင်း ထွက်ကုန်တွေကို ထုပ်ပိုးပြင်ဆင်မှုအတွက် သင်တန်းတွေ၊ ထုတ်ကုန် အဆင့်မြှင့်တင်ရေးအတွက် သင်တန်းတွေနဲ့ မွန်ပြည်နယ်ဒေသတွင်း ထွက်ကုန်တွေကို အွန်လိုင်းကနေ တဆင့် ဝယ်ယူရရှိနိုင်အောင် ဈေးကွက်ရရှိဖို့ အတွက် Branding လုပ်ဆောင်ဖို့ အစီအမံတွေ ပါဝင်ပါတယ်” ဟု စီမံကိန်းမှ Procurement Specialist ဖြစ်သူ မစ္စတာ William James Willis က စီမံကိန်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားပေးခဲ့ သည်။
ကနဦး စီမံကိန်း ဖြစ်သည့် ယင်းဈေးသင်္ဘောအတွက် ကုန်ကျစရိတ်ကို ကန် ဒေါ်လာ ၅ သိန်းခန့် တွက်ချက်ထားပြီး နှစ်ထပ် ဆောက်လုပ်မည်ဖြစ်ကာ အမှတ်တရ ပစ္စည်းအရောင်းဆိုင် ၊ ဒေသထွက် ရိုးရာ အစားအစာများနှင့် လက်မှု ပစ္စည်း များ ရောင်းချနိုင်မည့် ဆိုင်ခန်းများ၊ စားသောက်ဆိုင်ခန်းများ ပါဝင် ခင်းကျင်းနိုင်မည့် ပြတိုက်အဖြစ် ရည်ရွယ်ထားသည်။
ထိုဈေးသင်္ဘောကို ၂၀၁၇ အောက်တိုဘာလတွင် စတင် တည်ဆောက်ရန် လျာထားပြီး ၂၀၁၈ နိုဝင်ဘာလတွင် ပြီးစီးရန် ခန့်မှန်းထားကာ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ငွေမိုးဟော်တယ်နှင့် Strand ဟိုတယ်ကြား သင့်လျော်သည့် နေရာတခုခု၌ ထားရှိရန် လျာထားကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီး ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ဆိုသည်။
ဂျပန်နိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလှူငွေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်မည့် “အရှေ့ အနောက် စီးပွားရေး စင်္ကြ ံလမ်းတလျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေး လုပ်ဆောင်မှု စွမ်း ရည်မြှင့်တင်ရေး စီမံကိန်း” အတွက် ၂၀၁၄ ခုနှစ်ကတည်းကပင် မြေပြင်ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းမှ ချောင်းဆုံ ၊ မော်လမြိုင် ၊ မုဒုံနှင့် ကျိုက်ထိုမြို့နယ်တို့အား စီမံကိန်း ဧရိယာမြို့နယ်များအဖြစ် သတ် မှတ်ထားသည်။
လက်မှုပညာ ထုတ်လုပ်ရေးနှင့် ဒေသထွက် ရိုးရာအစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းများ၌ အမျိုးသမီးများ အဓိက ပါဝင် လုပ်ကိုင်နေကြ၍ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားပြီး အမျိုးသမီး ပါဝင်မှုကို ၇၅ ရာခိုင်နှုန်းအထိ ရရှိနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးနိုင်က ရှင်းပြခဲ့သည်။
“သင်္ဘောက စက်မတပ်ထားပါဘူး၊ နောက် ဒီသင်္ဘောကို လာရောက် လည်ပတ်တဲ့အတွက် ဝင်ကြေးလည်း ကောက်မှာ မဟုတ်ပါဘူး၊ ဒေသတွင်းမှာ ရှိတဲ့ စားသောက်ကုန်တွေ၊ ထုတ်ကုန်တွေ၊ လက်မှုပစ္စည်းတွေ အားလုံးကို ဈေးကွက်တင်ဖို့ အတွက် မျက်နှာစာတခု အနေနဲ့ အဆောက်အအုံဆောက်ဖို့ ရည်ရွယ်ခဲ့တာပါ။ သင်္ဘောဆိုရင်တော့ အထူးအဆန်း ဖြစ်ပြီး လူတွေကို ပိုဆွဲဆောင်နိုင်မယ် ဆိုပြီး စဉ်းစားမိလို့ သင်္ဘောဆောက်ဖို့ စဉ်းစားလိုက်တာပါ” ဟု ADB ဘဏ်မှ Consulta tion and Participation Specialist ကိုအောင်ကျော်ဖြိုးက ဆိုသည်။
ထိုသင်္ဘောအား အုပ်ချုပ်ရန်နှင့် စီမံခန့်ခွဲရန် ကော်မတီ တရပ် ဖွဲ့စည်းမည်ဖြစ်ကာ ယင်းကော်မတီ၌ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ လက်မှုလုပ်ငန်းရှင်များ၊ အစိုးရများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒေသခံများက မွန်ပြည်နယ်အား ကိုယ်စားပြုသည့် ဟင်္သာရုပ် ဒီဇိုင်းဖြင့် တည်ဆောက်နိုင်ရေး ၊ သင်္ဘောမှ ထွက် လာသည့် အမှိုက်များ ရေဆိုးများအား စနစ်တကျ စွန့်ပစ်သန့်ရှင်းရေး ၊ လာရောက် လည်ပတ်သည့် ဧည့်သည် များပြား လာ၍ ကားလမ်းကျပ်တည်းမှု အနေအထား ပေါ်ပေါက်လာနိုင်ခြေ၊ ဌာနဆိုင်ရာများ ပါဝင်၍ စီမံခန့်ခွဲမှု ပြုလုပ်ရာတွင် စိုးရိမ်ပူပန်မှု ရှိခြင်းများကို မိတ်ဆက်ပွဲတွင် တင်ပြ ဆွေးနွေးခဲ့ကြသည်။
စီမံကိန်းကာလမှာ ၂၀၁၇ မှ ၂၀၁၉ ခုနှစ် အထိ ကြာမြင့်မည် ဖြစ်ကာ ယင်းကာလပြီးနောက်တွင် ဤဈေးသင်္ဘောကို မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးညွှန်ကြားမှု ဦးစီးဌာနထံသို့ အပ်နှံပေးခဲ့မည် ဖြစ်ကြောင်း သိရသည်။