သတင်း

ရခိုင်အရေး စောင့်ကြည့်နိုင်မည့် ယန္တရားဖော်ဆောင်ရန် အကြံပြုထားဟု ကိုဖီအာနန်ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ နောက်ဆုံးအကြံပြုအစီရင်ခံစာပါ လုပ်ငန်းအကောင်ထည်ဖော်မှုများအား စောင့်ကြည်နိုင်မည့် ယန္တရားတခုကို ဖော်ဆောင်ပေးရန် နိုင်ငံတော်အကြီးအကဲများကို တိုက်တွန်း ပြောဆိုခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို တွေ့ဆုံ၍ အစီရင်ခံစာ ပေးအပ်ခဲ့ပြီးနောက် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် သြဂုတ် ၂၄ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကိုဖီအာနန် က ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့ အနေနဲ့အစိုးရအား အကောင်အထည်ဖော်ဆောင်သည့် လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ အကောင် အထည်ဖော်ဆောင်နိုင်ရေးနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှု အခြေအနေကို စောင့်ကြည့်နိုင်ဖို့လိုအပ်တဲ့ ယန္တရားကို ဖော်ဆောင်သွားရန် အကြုံပြုထားပါတယ်” ဟု ကိုဖီအာနန်က ပြောသည်။

ထို့ပြင် ပြည်ထောင်စုအဆင့်မှ လမ်းညွန်ချက်များသည် ပြည်နယ်အဆင့်ရှိ အစိုးရတာဝန်ရှိသူများနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုတို့မှာလည်း ကိုက်ညီရန် လိုအပ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်အကြံပေး ကော်မရှင်သည် ၎င်းတို့၏ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များ အချောသတ် အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၃ ရက်က နိုင်ငံတော်သမ္မတ ဦးထင်ကျော် အပါအဝင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က “သူက အကြံပြုရုံဘဲပြုမယ်လို့ ပြောထား ပါတယ်။ သူ့ဟာကို အကောင် အထည်ဖေါ်ဖို့ ဟိုဟာဖွဲ့ရမယ်၊ ဒီဟာဖွဲ့ရမယ်လို့ သူခိုင်းခွင့်မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အစီအရင်ခံစာထဲတွင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း အပါအဝင် နယ်စပ်လုံ ခြုံရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဆက်ဆံရေး၊ သတင်းသမားများ လွတ်လပ်စာ သတင်းရယူခွင့် ပြုရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်ပြုရေး တို့ပါဝင်သည်။

ထို့အတူ IDP ကိစ္စရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးရေး၊ လူ့အဖွဲ့ အစည်း များအကြား ပေါင်းစည်းရေး၊ လူ့အဖွဲ့ အစည်းအားလုံး၏ လုံခြုံရေး၊ ကော်မရှင်၏ အကြံပြုချက်များအား အကောင် အထည်ဖော်ခြင်း စသည့် ကိစ္စရပ်များကိုလည်း တိုက်တွန်းထားသည်။

ထိုအစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးကလည်း ယနေ့ အချိန်အခါသည် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့နိုင်ငံအကြား ယုံကြည်မှု ပိုမိုတိုးမြှင့် ရရှိစေရန် ကြိုးပမ်းနေရသည့် အချိန်ကာလလည်း ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ မိမိတို့နိုင်ငံ တွေ့ကြုံရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပကတိအခြေအနေမှန်ကို ကောင်းစွာ နားလည်ပြီး ဝိုင်းဝန်းကူညီပံ့ပိုးပေးစေလိုကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုအထဲတွင် “အစီရင်ခံစာကို အလေး အနက်ထား စဉ်းစားသွားမည် ဖြစ်ကြောင်း၊ အစိုးရ၏ ရခိုင်ပြည်နယ် ဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် အထောက် အပံ့ဖြစ်မည်ဟု ယုံကြည်ကြောင်း” ဟု ထည့်သွင်း ဖော်ပြထားသည်။

အကြံပြုချက်များအား အကောင် အထည်ဖော်ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မူဝါဒများကိုသာ ညှိနှိုင်းပေါင်းစပ်ပေးသော တာဝန်သီးခြားယူရသည့် ဝန်ကြီးအဆင့်ရှိသူ တစ်ဦးကို ခန့်အပ်ရန် တောင်းဆိုထားသည်။

ထို့အပြင် ခန့်အပ်တာဝန်ပေးအပ်ခံရသူကို အမြဲတမ်းတာဝန်ထမ်းဆောင်ရပြီး ဝန်ထမ်းအင်အား လုံလောက်စွာ ဖွဲ့စည်းထားသည့် အထောက်အကူပြုအဖွဲ့ ကူညီဆောင်ရွက်ပေးရန်၊ ထိုအထောက်အကူပြုအဖွဲ့သည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး အဖွဲ့၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ရမည်ဖြစ်သကဲ့သို့ ဗဟိုကော်မတီ၏ လုပ်ငန်းများကိုလည်း အထောက်အပံ့ပြုရမည်ဟုလည်း ဆိုသည်။

အဆိုပါ ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ က ပြည်တွင်း ပညာရှင် ၆ ဦးနှင့် ပြည်ပ ပညာရှင် ၃ ဦးတို့ဖြစ် ဖွဲ့စည်း၍ သက်တမ်းကို တနှစ် သက်မှတ်ခဲ့သည်။ ကော်ရှင် ဖွဲ့စည်းပြီးနောက် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်းတော စသည့် မြို့နယ်ရှိ နယ်ခြား စောင့်ရဲစခန်းများကို ဘင်္ဂါလီ အကြမ်းဖက်များက တိုက်ခိုက်ခဲ့ကြသည်။

ထို့နောက် တပ်မတော်က နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း အပါအဝင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများ ပြုလုပ်နေကြောင်းနှင့် နေအိမ်များ မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း နိုင်ငံတကာမှ စွပ်စွဲမှုများ ရှိလာခဲ့သည်။

ကိုဖီအာနန်က “လုံခြုံရေး ဆောင်ရွက်တဲ့အခါ အရပ်သားတွေရဲ့ အသက်အန္တရာယ်မရှိဖို့ ဆွေးနွေးခဲ့တယ်။ လုံခြုံရေးက ပြဿနာ ဖြစ်တဲ့လူကို အဓိကကိုင်တွယ်တာ။ ပြဿနာမရှိတဲ့ လူထုကို မထိခိုက်စေဖို့ အရေးကြီးတယ်။ တပ်မတော်က လုံခြုံရေးကို အခု တောင်ပေါ်မှာပဲ လုပ်နေတာ အဲဒီတောင်ပေါ်ဒေသကို အရပ်သား ရောက်ရှိမှု နည်းပါးတယ်။ ဒီတော့ အရပ်သား ထိခိုက်မှု နည်းပါးတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်အား ဖွဲ့စည်း၍ မည်သို့ဖြေရှင်းနိုင်မလဲ အကြံပြုသည့် အစီအရင်ခံစာ ရေးသား တင်သွင်းရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဤကော်မရှင်သည် ၂၀၁၇ ခုနှစ်၊ မတ်လက ကြားဖြတ် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ယခု သြဂုတ်၂၃ ရက်တွင် အပြီးသတ် အစီရင်ခံစာကို တင်သွင်း၍ တာဝန်ပြီးဆုံး သွားပြီး ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading