လွှတ်တော် ဝန်ထမ်းသစ် ခန့်အပ်ရေးကိစ္စတွင် ငွေကြေးတောင်းခံရန် ကြိုးပမ်းခဲ့သည်ဟုဆိုကာ တိုင်ကြားခံခဲ့ရသည့် မွန် ပြည်နယ် လွှတ်တော် ဦးစီးမှူးဟောင်းအား မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထပ်မံ၍ အဖွဲ့ဖွဲ့ကာ စုံစမ်း စစ်ဆေးခဲ့ပြီး တွေ့ရှိချက်ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးချုပ်သို့ တင်ပြမည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။
“သူက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်း ဖြစ်တဲ့အတွက် စုံစမ်း စစ်ဆေးရေး တွေ့ရှိချက်ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးချုပ်ကို ပြန်လည်တင်ပြရမယ်” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်လွှတ်တော်မှ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့တွင် ဝန်ထမ်းသစ်များ ခန့်ထားခဲ့စဉ်၌ အဆိုပါ လွှတ်တော် ဦးစီးမှူး ဟောင်းက လစာ၏ နှစ်လစာနှင့် ညီမျှသော ငွေကြေး ၃ သိန်းကို လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌတို့အား ဂါရဝပြုရန်ဟု ဆိုကာ တောင်းခံရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် ၎င်း၏ မိခင်ဌာနသို့ ပြန်လည် ပြောင်း ရွှေ့ သွားခဲ့ပြီ ဖြစ်သည်။
မွန်ပြည်နယ် လွှတ်တော်တွင် တာဝန် ထမ်းဆောင်ရန် ဖွဲ့စည်းပုံပြည့် ဝန်ထမ်းပေါင်း ၆၂ ဦး လိုအပ်သည်။ လွှတ်တော် စတင် ဖွဲ့စည်းစဉ်၌ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား ခေါ်ယူခဲ့ပြီး ၂၀၁၇ ဧပြီ၌ မိခင်ဌာနသို့ ပြန်လို သူနှင့် လွှတ်တော် ဝန်ထမ်းအဖြစ် ဆက်လက် တည်ရှိလိုသူများအား သဘောထားရယူခဲ့ရာ၌ ဝန်ထမ်း ၃၀ ကျော်တို့က လွှတ်တော် ဝန်ထမ်းအဖြစ် ဆက်လက် လုပ်ကိုင်လိုကြောင်း သဘောထားပေးခဲ့ကြ၍ ထပ်မံလိုအပ်သည့် ဝန်ထမ်း အရေအတွက်အား ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မဟုတ်သည့် သီးခြား လွှတ်တော် ဝန်ထမ်း များအား ၂၀၁၇ နှစ်ကုန်တွင် ခန့်အပ်နိုင်ရေး အတွက် Myanmar Parliament Union က လမ်းညွှန် ထားပြီး မွန်ပြည်နယ် လွှတ်တော်လည်း ထိုသို့ ခန့်အပ်နိုင်ရေး စီစဉ် ဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိအား ဧရာဝတီက မေးမြန်းခဲ့ရာတွင် “ ဒီကိစ္စကို အမှန်ဖြစ်အောင် ဖော်ထုတ်မယ် ၊ စုံစမ်း စစ်ဆေး မေးမြန်းမယ်” ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ၎င်း၏ သဘောထားကို ထုတ်ဖော် ပြော ကြားခဲ့သည်။
အဆိုပါ လွှတ်တော် ဦးစီးမှူးဟောင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ခန့်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အား မလျော်သြဇာသုံးသည်ဟု ဆိုကာ ပြန်လည်တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လွှတ်တော် တိုင်စာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက “စာနဲ့ ရေးပြီး ကျနော်တို့ ကော်မတီဆီကို တစ်ခါတင်ဖူးတယ်၊ သူ့ရဲ့ အထက်အရာရှိဆီမှာ နှုတ်နဲ့ ခွင့်တောင်းပြီးတော့ ဒီတိုင်ကြားစာရွက်ကို ကျနော်တို့ ကော်မတီဆီကို ယူလာပြတယ်၊ ပါးရိုက်လို့ နားပြန်ကိုက်တယ် ဆိုတဲ့ သဘောလိုမျိုး ဖြစ်နေတယ်” ဟု သြဂုတ်လဆန်းပိုင်းက သုံးသပ် ပြောကြားခဲ့သည်။
မွန်ပြည်နယ် လွှတ်တော် တိုင်စာ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီက စုံစမ်း စစ် ဆေးမှု ပြုလုပ်ခဲ့ပြီး တွေ့ရှိချက် အစီရင်ခံစာနှင့် လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားမှတ်ချက်များကို မွန်ပြည်နယ် အစိုးရ အဖွဲ့ထံသို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ပေးပို့ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဇူလိုင်လ တတိယပတ်တွင် မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အဆိုပါ ဝန်ထမ်းအား သီးခြား ထပ်မံ၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စိစစ်ခဲ့ပြီး တွေ့ရှိချက်များကိုမူ ထုတ်ဖော်ပြောကြားခွင့် မရှိကြောင်းနှင့် ကျူးလွန် ကြောင်း ထင်ရှားပါက နိုင်ငံ့ဝန်ထမ်း ဥပဒေများအတိုင်း အရေးယူ ခံရနိုင်ဖွယ်ရှိကြောင်း ဦးမြင့်သန်းဝင်းက ပြောကြားခဲ့ သည်။