သတင်း

အကြမ်းဖက်မှုများကြောင့် ရခိုင်ဒေသရှိ ကျောင်းတချို့ ယာယီပိတ်

Want create site? Find Free WordPress Themes and plugins.

အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် များရှိ အခြေခံ ပညာကျောင်းများကို သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ဦးအောင်ကျော်ထွန်းက “ မောင်တော၊ ဘူးသီးတောင် မြို့နယ်တွေက ကျောင်းတွေကို ယာယီပိတ်ထားလိုက်ပြီ ။ ရသေ့တောင်မြို့နယ်ကတော့ နယ်စပ်က ကျောင်း ၂၀ ကို ပိတ်ခိုင်းလိုက်ပါတယ်။ အခုပဲ ပိတ်ခိုင်းလိုက်တာပါ ။” ဟု ဧရာဝတီသို့ ပြောသည်။

ကျောင်းများကို ပိတ်ထားသလို ပညာရေးဝန်ထမ်းများအားလုံးကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ခိုင်းထားကြောင်း ဦးအောင်ကျော်ထွန်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်အထိ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး မောင်တောမြို့ နှင့် အနီးပတ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲသံများနှင့် သေနတ်သံများကို ကြားနေရဆဲ ဖြစ်ကြောင်း မောင်တောဒေသခံများက ပြောသည်။

မောင်တောမြို့နယ်အတွင်း အခြေအနေမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟုလည်း ပညာရေး ဝန်ထမ်း တဦးက ပြောသည်။

“ဒီအခြေအနေမှာ ကျနော်တို့ ပညာရေးဝန်ထမ်းတွေ တခုတည်း စိုးရိမ်ရတာ မဟုတ်ဘူး ။ ဝန်ထမ်း အားလုံးပဲ။ အထက် ညွန်ကြားချက် တွေကို ဘယ်လိုပဲ လာပါစေတော့ ။ အသက်ထက်တော့ အရေးမကြီးဘူး။ ကိုယ့်လုံခြုံရေးက အရေးကြီးတယ ” ဟု အဆိုပါ ပညာရေးဝန်ထမ်းက ပြောသည်။

မောင်တောဒေသ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အလုပ်မအားလပ်သေးဟု ဆို၍ ဖြေကြားခြင်းမရှိပါ။

အဆိုပါမောင်တောအကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ နယ်ခြားစောင့် ကွက်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်အား ဆက်သွယ်မေးမြန်းခဲ့ရာ “ ကျနော်တို့ ဒီမှာ တပ်အခင်း အကျင်း တွေကို ဆောင်ရွက်နေရပါတယ် ” ဟုဖြေကြားသည်။

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်သမားများက တိုင်းရင်းသား ကျေးရွာများအား ဝင်ရောက် စီးနင်းတိုက်ခိုက်မည် ဆိုသော သတင်းကြောင့် ကျေးရွာ ဒေသခံများမှာလည်း နီးစပ်ရာ နယ်မြေခံ တပ်စခန်းများသို့ ဝင်ရောက် ခိုလှုံနေရကြောင်း သိရသည်။

“ ဒီနေ့ ၂ နာရီလောက်မှာ အကြမ်းဖက် ဘင်္ဂါလီတွေက ရွာတွေကို ဝင်တိုက်မယ်ဆိုပြီး သတင်းတွေထွက်နေတော့ ကျနော်တို့ မနေရဲတော့ဘူး ။ အခု ရွာသားတွေ ကား ၁ စီးနဲ့ ပတ်ပြေးသွားနေရတယ် ” ဟု ကိုင်းကြီး ( ရခိုင်) ရွာမှ ကိုမိုးသန်းက ဧရာဝတီသို့ ပြောသည်။

မောင်တောမြို့နယ် အလယ်သံကျော် နယ်ခြားစောင့် ရဲစခန်းကို ဝင်တိုက်ခဲ့မှုကြောင့် စခန်းမှ လဝက အရာရှိ ၁ ဦးသေဆုံးခဲ့ပြီး အိမ်ထောင်သည် လိုင်းခန်းများအား အကြမ်းဖက်သမားများ ဖြိုဖျက်ခဲ့ သောကြောင့် အိမ်ထောင်သည် ရဲမေများမှာ လက်ရှိအချိန်တွင် အစည်းအဝေခန်းမနှင့် ရုံးခန်း အတွင်းသို့ စုပေါင်းနေထိုင်နေရကြောင်း အလယ်သံကျော် စခန်းမှ ရဲမေ တဦးက ဧရာဝတီသို့ ပြောသည်။

ယနေ့မနက်အစောပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲကင်းစခန်းများမှ လက်နက်ငယ် ၅ လက် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား များနောက် ပါသွားကြောင်း၊ အာဏာပိုင်များဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁၅ လောင်းရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်- ရခိုင်ပြည်နယ် မြောက်ပိုင်း အချိန်ကိုက် တိုက်ခိုက်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading