သတင်း

မောင်တော ဒေသ ရေလမ်းခရီးစဉ်များ ရပ်ဆိုင်း

လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဘူးသီးတောင်၊ မောင်တော ရေလမ်းခရီးစဉ်များကို ယနေ့ သြဂုတ်လ ၂၆ ရက်နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ယနေ့ နံနက်ပိုင်းက ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ သွားရောက်ရန် ရွှေနဒီ အမြန်ရေယာဉ် လက်မှတ် ဖြတ်ထားသော ခရီးသွား ပြည်သူများ သည် ခရီးစဉ် ရပ်နားလိုက်သည့်အတွက် စစ်တွေမြို့တွင် တည်းခိုနေရသည်ဟု သိရသည်။

ရွှေနဒီ အမြန်ရေယာဉ် လက်မှတ်အရောင်းဌာနမှ အမျိုးသမီး တဦးက “ ကျမတို့မနေ့က ရခိုင်ပြည်နယ် အစိုးရဆီ အကြောင်းကြားပါတယ်။ လုံခြုံရေးထည့်ပေးဖို့အတွက်။ အဲဒါ ဘာမှ အကြောင်း မပြန်ဘူး။ လုံခြုံရေး မပါဘဲ ခရီးစဉ်မထွက်ရဲတဲ့ အတွက်ကြောင့် ရပ်နားလိုက်တာပါ ” ဟုပြောသည်။

အဆိုပါ ခရီးစဉ် ရပ်နားလိုက်ရသည့်အကြောင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စက်မှု ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ

“ကျနော်တို့ မောင်တောမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ သတင်းကို နားထောင်ပြီးမှ ထွက်ခွာပါလို့ ပြောထားပါတယ်။ မောင်တောမှာ ဖြစ်ပျက်နေတဲ့အခြေအနေကို အားလုံး သိတဲ့ အတိုင်းပဲလေ ။ အခြေအနေကို စောင့်ကြည့်ပြီးတော့မှ အဲဒီကိစ္စကို ဆက်လက်ဆောင်ရွက်ပေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပုံမှန်အားဖြင့် မောင်တော၊ ဘူးသီးတောင် ရေကြောင်းခရီးစဉ်များကို အစိုးရပိုင် အောင်တံခွန် သင်္ဘော အပါအဝင် ရွှေနဒီ အမြန်ရေယာဉ်၊ မလိခအမြန် ရေယာဉ်၊ ရွှေပြည်တန် အမြန်ရေယာဉ်တို့က အလှည့်ကျ ပြေးဆွဲနေကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ယမန်နေ့က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်များကြောင့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ပြီး ရွာအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

Loading