သတင်း

မော်လမြိုင်ကျွန်းမှ အချုပ်ခန်းဖောက်ပြေးသည့် အချုပ်သား၁၀ဦးကို ပိတ်ဆို့ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့မရဲစခန်းတွင် အချုပ်သား ၁၀ ဦးက အချုပ်ခန်းဖောက်ကာ ထွက် ပြေးသွားသဖြင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့်ကိုယ်တိုင်ဦးစီး၍ ရေကြောင်း ကုန်းကြောင်းများ ပိတ်ဆို့ရှာဖွေ နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၃နာရီဝန်းကျင် ရဲစခန်း အဆောက်အဦးဟောင်း၏ အပေါ်ထပ်တွင်ပြောင်းရွေ့ချုပ် နှောင်ထားသည့် အချုပ်သား ၄၁ဦးထဲမှ ၁၀ဦး သည် ဆွေးမြေ့နေသည့် ကြမ်းခင်းကို ခွာကာ ပုဆိုးများကို ကြိုးသဖွယ်အသုံးပြု၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ထွက်ပြေးသွားတဲ့အချုပ်သားတွေ ပြန်လည်ဖမ်းမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးပြီး ကြိုးပမ်းနေပါတယ်။ လောလောဆယ်တော့ တယောက်မှ ပြန်မမိသေးပါဘူး။ မြစ်ကြောင်းဘက်က လမ်းပို ကျယ်တော့ ဂရုစိုက်ပြီး ရှာဖွေနေတယ်။ ကုန်းဘက်တွေမှာလည်း တောက်လျှောက် လမ်းတွေအကုန်ပိတ်ပြီး ရှာဖွေနေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒု ရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။

မော်လမြိုင်ကျွန်းမြို့မ ရဲစခန်းတွင် အချုပ်သား ၈၀ ခန့် ရှိနေသဖြင့် ရဲစခန်း၏ အဆောက်အဦးဟောင်းတွင် လူခွဲကာ ချုပ်နှောင်ရာမှ ထိုသို့ ထွက်ပြေးခြင်းဖြစ်သည်။

အချုပ်ခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်သွားသည့်အချုပ်သားများမှာ သန်းထွန်း၊ ကြည်စိုး၊ ရဲသွေးအောင်၊ မျိုးဆန်း၊ စိုးပိုင်၊ ထွန်းထွန်းဝင်း၊ ဌေးဝင်း၊ မျိုးလွင် (ခ) မျိုးမျိုး၊ အောင်ဆန်းဦးနှင့် ဖြိုးအောင်တို့ ပြစ်မှုအရ ခိုးမှုဖြင့် အဖမ်းခံထား ရသူ ၄ ဦး၊ တစ်လင်တစ်မယားဥပဒေဖြင့် အဖမ်းခံထားရသူ ၂ ဦးနှင့် အခြားသူ ၄ ဦးမှာလည်း အမှုသေး ကျူးလွန်ထားသူများ ဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အချုပ်သားများ ပြန်လည်ဖမ်းမိရေးအတွက် လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် မအူပင်ခရိုင်ရှိ ရဲစခန်းများသို့ အချုပ်သားတို့၏ ကိုယ်ရေးအချက်အလက်များ ပေးပို့ကာ ကုန်းလမ်း၊ ရေလမ်းဂိတ်များတွင် ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

“အဓိကကတော့ ကင်းသမားတွေ ပေါ့လျော့မှုကြောင့် လွတ်သွားတာပေါ့။ အချုပ်ခန်းဖောက်တဲ့အချိန်မှာ သူတို့ ၁၀ ဦးပဲ ထွက်ပြေးသွားတာပါ။ ကျန်တဲ့အချုပ်သားတွေကထွက်ပြေးရင်အမှုပိုတိုး ပြစ်ဒဏ်ပိုကြီးမှာစိုးလို့ လိုက်ပါခဲ့ခြင်း မရှိပါဘူး။ အချုပ်သားတွေ ထွက်ပြေးမှုကြောင့်တော့ ပြည်သူလူထုတွေ ထိခိုက်ခြင်း မရှိပါဘူး။ တာဝန်ပေါ့လျော့တဲ့ ရဲဝန်ထမ်းတွေကိုတော့ ထိရောက်စွာအရေးယူသွားမှာပါ”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က မြောင်းမြခရိုင် အိမ်မဲမြို့မအချုပ်ခန်းအတွင်းမှ ခိုးမှုဖြင့် ဖမ်းဆီးထားသူ အချုပ်သား ၃ ဦးမှာ အချုပ်ခန်းသံတိုင်အား သံဖြတ်လွှဖြင့် ဖြတ်တောက်၍ ထွက်ပြေးခဲ့ပြီး ၁ ရက်အကြာ စက်တင်ဘာ ၁၅ ရက်နေ့တွင် တိုင်းရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading