သတင်း

ဘူးသီးတောင် - မောင်တောမြို့နယ်တွင်း ကျေးရွာသားများ ထွက်ပြေးနေ

Want create site? Find Free WordPress Themes and plugins.

အကြမ်းဖက်သမား၏ မီးရှို့ဖျက်ဆီးမှု၊ ရန်ရှာတိုက်ခိုက်နေမှုများကြောင့် မောင်တော၊ ဘူးသီးတောင် မြို့နယ်များရှိ နှစ်ဘက် လူမှုအသိုင်းအဝိုင်းမှ ကျေးရွာသားများ စိုးရိမ်စိတ်များ မြင့်တက်ကာ အိုးအိမ်များကို စွန့်ပစ်ကာ ရွှေ့ပြောင်းထွက်ပြေးနေကြသည်။

လူမှုရေး ကယ်ဆယ်ရေးနှင့် နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေးကို ကိုးကား၍ ရိုက်တာသတင်းက ရေးသည်မှာ မွတ်ဆလင် မဟုတ်သော ကျေးရွာသား ၄ ထောင်ကျော်ကို အစိုးရက နေရာရွှေ့ပြောင်းပေးခဲ့ကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ လာသော သတင်းများအရ သောကြာနေ့မှစ၍ မွတ်ဆလင် ကျေးရွာသား ၂ ထောင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြောင်းလည်း သိရသည်။

ယနေ့ နေ့လည်ပိုင်းကလည်း ဘူးသီးတောင်မြို့ပေါ်သို့ လူအင်အား ၁၀၀၀ ကျော် ခိုလှုံရန် ရောက်ရှိလာကြသည်ကို ဧရာဝတီက တွေ့ရသည်။ လက်ရှိအချိန်တွင် ၎င်းတို့အား ဘူးသီးတောင်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများဖြစ်သော သုဓမ္မာရုံ ကျောင်းတိုက် ၊ ရွှေကျင်ကျောင်းတိုက်၊ လမ်းမကျောင်းတိုက်၊ အေးစေတီကျောင်းတိုက်များတွင် နေရာချထားသည်။

အဆိုပါ တိမ်းရှောင်လာသော ကျေးရွာသားများတွင် မောင်တောမြို့နယ် တောင်ပိုင်း ဝေသာလီကျေးရွာ၊ ကန်သာယာကျေးရွာနှင့် တခြား နတလ ကျေးရွာများမှလည်း ပါဝင်ကြောင်း သိရသည်။ ဝင်ရောက်ခိုလှုံသူများ၏ ပြောကြားချက်အရ ဘင်္ဂါလီအကြမ်းဖက်သမားများက အုပ်စုလိုက် ညာသံများကို မြင်ကြကြားကြရသည့်အတွက် ကျေးရွာတွင် မနေဝံ့တော့ပဲ ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း ဆိုကြသည်။

အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် မောင်တောဒေသအတွင်းရှိ ကျေးရွာများ၊ ကင်းစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ ၊အပြစ်မဲ့ပြည်သူများအားမီးရှို့ခြင်း၊မိုင်းထောင်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို သြဂုတ် ၂၆ ရက်နေ့ စနေနေ့ တနေ့လုံး နီးပါး ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နုယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရုံး ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားသည်။

ယနေ့ ဩဂုတ် ၂၇ ရက် နေ့လည် ၁ နာရီခွဲ ထုတ်ပြန်ကြေညာချက်တွင် ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြောင်း ဆိုသည်။

သတင်းအရ မောင်တောမြို့နယ် မြင်းလွတ်မြို့တွင် ယာယီလုပ်ငန်းဖြင့် ရောက်ရှိနေသော မောင်တောမြို့ (၄) ရပ်ကွက်နေ ဟိန္ဒူ ဘာသာဝင် မိသားစု ၁၂ ဦးသည် သြဂုတ် ၂၆ ရက် ည ၁၁ နာရီတွင် မြင်းလွတ်မြို့မှ မောင်တောမြို့သို ပြန်လာစဉ် မြို့သူကြီး ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ဆဲ ခရိုင်တရားရုံးပေါ်သို့ တက်ပြေး ပုန်းရှောင်ခဲ့ရာ ကြိုတင်ရောက်ရှိနေသည့် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဟိန္ဒူဘာသာဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး နှင့် ကလေး ၃ ဦးတို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား အမျိုးသမီး ၂ ဦးမှာ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ကလေးငယ် ၄ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၄ မိုင် အထက်တန်းကျောင်း စုရပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

မောင်တော- ဘူးသီးတောင် ကားလမ်းအား ယနေ့ ဖွင့်ပေးလိုက်ကြောင်း သတင်းများကြားရသည့်အတွက် ဘူးသီးတောင်မြို့မှ မောင်တောသို့ ဆိုင်ကယ်ဖြင့် ဧရာဝတီက ချည်းကပ် သွားရောက်ခဲ့ရာ လမ်းတလျှောက်တွင် စစ်ကားများ အသင့်အနေအထားဖြင့် သွားလာနေကြသည်ကို တွေ့ရှိခဲ့ရပြီး ဘူးသီးတောင်မြို့နှင့် ၃ မိုင်အကွာတွင် ရှိသည့် ဗျူဟာ စစ်ဆေးရေးဂိတ်တွင် တပ်မတော်သားများက ကားများကို စစ်ဆေးနေသည်ကို တွေ့မြင်ခဲ့ရသည်။

ဆက်လက်ပြီး သွားရောက်ခဲ့ရာ မြို့သူကြီးကျေးရွာ ကားလမ်းမများပေါ်တွင် မိုင်းအန္တရာယ်များ ရှိနေသေးသည့်အတွက် မောင်တောမြို့နယ် အပိုင် ၃ မိုင် စစ်ဆေးရေးဂိတ်အထိသာ သွားလာ၍ ရရှိသောကြောင့် မောင်တောမြို့တွင်း ရောက်ရန် ဆက်သွားမရနိုင်ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြောသည်။

လမ်းတွင် မောင်တောမြို့မှ ဌာနဆိုင်ရာဝန်ထမ်း တချို့နှင့် ရွာသားတချို့ကို လုံခြုံရေးများဖြင့် ဘူးသီးတောင်မြို့ပေါ်သို့ ရွှေ့ပြောင်းပို့ဆောင်နေသည်ကို တွေ့မြင်ရသည်။ ထိုဌာနဆိုင်ရာ ဝန်ထမ်းများကို ဧရာဝတီက မေးမြန်းရာ ၎င်းတို့က လုံခြုံရေး တပ်ဖွဲ့ဝင်အားနှင့် ဘင်္ဂါလီ အကြမ်းဖက်သမား အင်အား မမျှဟု ထင်ကြောင်း၊ အကြမ်းဖက်သမားများ အုပ်စုလိုက် စုပေါင်းချီတက် တိုက်ခိုက်လာသည့်အတွက် ညမအိပ်ဘဲ ၃ ရက်တိုင်တိုင် ကင်းစောင့်နေထိုင်ခဲ့ရကြောင်း ပြောပြသည်။

ကျီးလန့်စာစား ဖြစ်နေကြသော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ မွတ်ဆလင်မဟုတ်သော တိုင်းရင်းသားများသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် တုတ်၊ ဓား၊ လှံများကို အမျိုးသမီးနှင့် ကလေးငယ်များပါ ကိုင်ဆောင်နေကြရသည်။ အကြမ်းဖက်မှုကြောင့် တိမ်းရှောင်လာကြသော ဒေသခံတိုင်းရင်းသားများသည် ဘူးသီးတောင်မြို့ပေါ်တွင် ဆက်လက် ရပ်တန့် မနေရဲတော့ဘဲ စစ်တွေမြို့သို့ ဆက်လက်ထွက်ခွာရန် အမြန်ရေယာဉ် ဆိပ်ကမ်းတွင်လည်း စုရုံးစောင့်ဆိုင်းနေကြသည်ကို ဧရာဝတီက တွေ့ရသည်။

မွတ်ဆလင် ရွာသားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဖြတ်ကူးကြကြောင်း သတင်းများ ထွက်လာနေသောကြောင့် မွတ်ဆလင် ကျေးရွာသားများနှင့် ပတ်သက်၍ အစိုးရ၏ စောင့်ရှောက်ရေးအစီအစဉ်ကို ရိုက်တာသတင်းက မေးမြန်းရာ ဖြေကြားနိုင်ခြင်း မရှိပေ။ ဧရာဝတီ သတင်းဌာနက မွတ်ဆလင် သတင်းရင်းမြစ်များကို ဖုန်းခေါ်ရာ လက်ခံဖြေကြားခြင်း မရှိပါ။ ဧရာဝတီက ကြားသိရသမျှ မွတ်ဆလင် မဟုတ်သော တိုင်းရင်းသားများအမြင်တွင် အကြမ်းဖက်သမားနှင့် အရပ်သား ဘင်္ဂလီ မွတ်ဆလင်များကြား ခွဲခြားရန် အလွန်ခက်ခဲနေပြီး နှစ်ဘက်အသိုင်းအဝိုင်းကြား သံသယစိတ်ကလည်း ကြီးမားလွန်းနေသည်။

ယနေ့ မောင်တောမြို့ပတ်ဝန်းကျင်တွင် သေနတ်သံများကို မကြားရတော့သော်လည်း မောင်တောမြို့နယ်အတွင်း ကားလမ်းမများပေါ်တွင် အကြမ်းဖက်သမားများက လက်လုပ် မိုင်းထောင်မှုများကို ပြုလုပ်နေပြီး ဘင်္ဂါလီကျေးရွာများ ပတ်ပတ်လည်တွင်လည်း မိုင်းများကို ထောင်ထားသည့်အတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေကြရကြောင်း ဧရာဝတီက စကားပြောဆိုခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

အကြမ်းဖက်သမားများသည် ကျေးရွာများတွင် စည်းရုံး သိမ်းသွင်းထားသော ဘင်္ဂါလီလူ အင်အားများဖြင့် အော်ဟစ်ညာသံပေး ခြောက်လှန့် တိုက်ခိုက်ကြပြီး လက်လုပ်မိုင်းများကို အဓိကထား အသုံးပြုကာ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ရန် ရည်ရွယ်သည့် ဗျူဟာကို ဆင်နွဲနေကြောင်းလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆိုသည်။

မောင်တောမြို့ပတ်ဝန်းကျင်တွင် သေနတ်သံစဲသွားသော်လည်း ဘူးသီးတောင်မြို့နယ် တောင်ဘူဇာ ပတ်ဝန်းကျင် အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းများကြားရပြီး ယင်းနေရာတွင် မီးခိုးများ ထွက်နေသည်ကို ဘူးသီးတောင်မြို့ပြင် ကားလမ်းမပေါ်က မြင်တွေ့ခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading