သတင်း

အကြမ်းဖက်တိုက်ခိုက်မှုများ ရှိသော်လည်း မောင်တောကို ကာကွယ်ထားနိုင်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း မောင်တောမြို့ကို ကာကွယ်ထားနိုင်ကြောင်း အစိုးရအရာရှိများက ဆိုသည်။

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များသို့ လုံခြုံရေးအင်အားများ ယနေ့ နံနက်ပိုင်းက ထပ်မံ တိုးမြှင့်လိုက်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။

ဦးဇော်ဌေးက “လုံခြုံရေး အင်အား ဒီမနက်ပဲ ထပ်တိုးထားတယ်။ အင်အား မလုံလောက်လို့ ဆိုတဲ့ဟာမျိုးတော့ အဖြစ်မခံနိုင်ဘူး။ အချိန်ချိန်တိုတို အတွင်းမှာ တပ်မတော်ကလည်း ထိန်းချုပ်နိုင်အောင် လုပ်နေတယ်။ အကြမ်းဖက်မှု ပါဝင်သူ အားလုံးကို ဥပဒေ အတိုင်း အရေးယူမှုတွေ လုပ်သွားမှာပါ”ဟု ဆိုသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကလည်း မောင်တောမြို့ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး အပြည့်ယူ ထားကြောင်း၊ လူတဦးချင်းစီကို လုံခြုံရေး မပေးနိုင်သော်လည်း မြို့ကိုမူ ကောင်းကောင်း ကာကွယ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

သို့သော် မောင်တောမြို့တွင် ကျန်ရှိနေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အစိုးရ အစီအစဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ထွက်ခွာခိုင်းခဲ့ပြီး ဖြစ်သည်။ အစိုးရဝန်ထမ်းများကို စစ်တွေမြို့သို့ အမြန်ရေယာဉ်ဖြင့် ပို့ဆောင်ပေးနေကြောင်းလည်း သိရသည်။

အကြမ်းဖက်သမားများနှင့် တိုက်ပွဲမှာလည်း မြို့နှင့်အလွန် နီးကပ်နေ၍ မြို့မှ မထွက်ခွာမီ သေနတ်သံများနှင့် မီးခိုးများ မြင်တွေ့ခဲ့ရကြောင်း အစိုးရဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှူး အဖွဲ့မှူးရုံး(ကျီးကန်ပြင်ဌာနချုပ်) မှ ရဲမှူး ကိုကိုစိုးကလည်း လုံခြုံရေး ထပ်မံ တိုးမြင့်ထားရကြောင်းနှင့် ရဲကင်းစခန်း ၇ ခုခန့်ကို လက်လုပ်မိုင်းများဖြင့် ယနေ့ နေ့လယ်ပိုင်းအထိ လာရောက်တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီနေ့ ရဲကင်းစခန်း ၇ နေရာလောက်ကိုတော့ လူ ၁၀၀၊ ၁၅၀ လောက်နဲ့ လာဝိုင်းတာ၊ လက်လုပ်မိုင်းနဲ့ လာပစ်တာ လေးတွေ ရှိသေးတယ်။ အရမ်းကြီး ထိပ်တိုက်တွေ့တာမျိုးတော့ မရှိတော့ဘူး။ မနေ့က ဒိုင်းနက်လူမျိုး ၂၀ လောက်ပျောက်နေတာက သေသလား ရှင်သလား ဘာမှမသိရသေးဘူး”ဟု ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မောင်တောမြို့နယ်၊ နယ်မြေ ၂ ၊ ရန်ကာစေတီကျေးရွာမှ ဒိုင်းနက် တိုင်းရင်းသား ၂၀ ဦးခန့်သည် အောင်ဇံတိုင်းရင်းသားကျေးရွာသို့ သွားရောက် ပူးပေါင်းနေထိုင်ရန် ထွက်ခွာလာရာ ဆာလေကျေးရွာအုပ်စု၊ ကြောင်ဒိုး ကျေးရွာအဝင် တံတားအနီးအရောက်တွင် ကြောင်ဒိုးကျေးရွာမှ အကြမ်းဖက်သမား အင်အား ၁၀၀ ဦးခန့်က တုတ်၊ဓါးကိုယ်စီဖြင့် ဝင်ရောက်ထိုးခုတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးခုတ်ရိုက်နှက်ချိန်တွင် ဦးမောင်ဘစိန် (၂၈) နှစ် တဦးသာလွတ်မြောက်ခဲ့ပြီး ကျန်ကျေးရွာသားများမှာ သေသည်/ရှင်သည် မသိရကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ဦးမောင်ဘစိန်က အောင်သပြေနယ်မြေရုံးသို့ လာရောက် သတင်းပို့ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

မောင်တောဒေသ တောင်ဘဇာနယ်မြေ စခန်းမှူး ရဲအုပ်ထွန်းနိုင်ကလည်း “ဒီနေ့တော့ ငြိမ်နေတယ်။ လာတိုက်မယ်ဆိုလို့ ကျနော်တို့လည်း စောင့်နေတာ။ တပ်မတော်လည်း အင်အား ၃၀ လောက် လာပေါင်းထားတော့ ကြောက်စရာတော့ မရှိဘူး။ အခုတော့ နယ်မြေ ရှင်းလင်းရေးတွေလည်း ဝင်နေပြီဆိုတော့ သူတို့ ပြန်ငြိမ်သွားတာ။ စစ်တပ်က တပ်ရင်းမှူးလည်း ရောက်နေပြီဆိုတာလည်း သိသွားကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကမူ “လုံခြုံရေးက မရှိဘူး။ မရှိတော့ ရွာတွေက ထွက်ပြေးရင်း လမ်းမှာ အသတ်ခံနေရတာတွေ ရှိတယ်။ လုံခြုံရေးက စခန်းတခုမှာ ၁၀ ယောက်တောင် မပြည့်ဘူး။ လူ ၂၀၀၀ ကျော်လောက် ရှိတဲ့ နေရာတခုမှာ နယ်ခြားစောင့်ရဲက ၁၀ ယောက်တောင် မရှိဘူး။ ရခိုင်သားတွေမှာ စားဝတ်နေရေးကလည်း အခက်အခဲ ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဘူးသီးတောင်တွင် သပိတ်တောင်၊ ကင်းချောင်း၊ သပိတ်ချောင်းဆိုသည့် ကျေးရွာများတွင် လူမရှိတော့ကြောင်း၊ လုံခြုံရေး မရှိ၍ ထွက်ပြေးကုန်ကြသဖြင့် ယင်းဒေသလုံခြုံရေးအတွက် လုံခြုံရေးပေးရန် ၎င်းကိုယ်တိုင် တောင်းဆိုခဲ့သော်လည်း လုံခြုံရေး မပေးနိုင်ဟု အကြောင်းပြန်လာကြောင်း ဦးအောင်သောင်းရွှေက ပြောသည်။

တောင်ဘဇာနယ်မြေ စခန်းမှူး ရဲအုပ်ထွန်းနိုင်က “ကျနော်တို့ ကျနော်တို့မှာ ရှိတဲ့ အင်အားနဲ့ အတတ်နိုင်ဆုံး ထိန်းသိမ်းနေတာပဲ။ နားလည်မှု ရှိစေချင်တယ်”ဟု ပြောသည်။ ၎င်း၏ တောင်ဘဇာ ရဲစခန်းတွင် တိုင်းရင်းသား ၅၀ ကျော် လာရောက်ခိုလှုံနေ၍ စားရေးသောက်ရေးကအစ တာဝန်ယူ စောင့်ရှောက်ပေးထားကြောင်းလည်း ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့က တောင်ဘဇာရွာအနီးတွင် အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ရာ ဒုရဲအုပ်တဦး အပါအဝင် ၃ ဦး ကျဆုံးသွားခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ဘင်္ဂလီအကြမ်းဖက်သမားများသည် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ရှိ လုံခြုံရေး ကင်းစခန်း ၃၀ ခန့်ကို သြဂုတ်လ ၂၅ ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြရာ ယခု အချိန်အထိ အစိုးရဘက်မှ အနည်းဆုံး ၁၅ ဦးခန့် ကျဆုံးခဲ့ရပြီး အကြမ်းဖက်သမားများဘက်မှ ၈၀ ကျော် သေဆုံးသွားကြောင်း မောင်တောမှ လာသည့် သတင်းများအရ သိရသည်။

(နေပြည်တော် သတင်းထောက်များဖြစ်သော ထက်နိုင်ဇော်နှင့် ထွန်းထွန်းတို့ ပူးပေါင်းသတင်းပို့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading