ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည် စတင်နိုင်ရန် ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်နေပြီး ပင်မ စီမံကိန်းကို မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းကာ ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
“ဂျပန်နိုင်ငံ (JICA) အဖွဲ့က စီမံကိန်းဆိုင်ရာ လေ့လာဆန်းစစ်မှုကို ပြုလုပ်လျက် ရှိပါတယ်။ ထားဝယ် စီမံကိန်းဟာ အကြောင်းကြောင်းကြောင့် နှောင့်နှေးခဲ့ရသော်လည်း လက်ရှိ အစိုးရလက်ထက်မှာ အရှိန်အဟုန်နဲ့ ပြန်လုပ်ဖို့ တွန်း အားပေးနေပါတယ်” ဟု ဦးအောင်ထူးက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောသည်။
ယနေ့ လွှတ်တော် အစည်းအဝေးတွင် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦးက ထားဝယ် အထူး စီးပွားရေးဇုန် ကနဦး စီမံကိန်းများ မည်သည့်အချိန်တွင် စတင်မည်နည်း၊ ယင်းလုပ်ငန်း ပြန်လည်စတင်ပါက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူများ ပြန်လည် ခြေချနိုင်ရန် မျှော်လင့်နေကြောင်းနှင့် စီမံကိန်းများတွင် မည်သည့် လုပ်ငန်း များ ပါဝင်ပြီး မည်ကဲ့သို့ အကောင်အထည်ဖော်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် အီတာလျံ – ထိုင်း ကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည့် လုပ်ငန်းသဘောတူညီချက်အရ စက်မှုလုပ်ငန်းနယ်မြေ၊ ဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်မည့် ၂ လမ်းသွား ကတ္တရာလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး မြို့ပြအိမ်ရာ လုပ်ငန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ ရေရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းနှင့် သဘာဝဓာတ်ငွေ့ရည် ဆိပ်ကမ်း ဟူ၍ လုပ်ငန်း စီမံကိန်း ၉ ခု ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ် ကြီးကြပ်ရန် မြန်မာ-ထိုင်း ပူးတွဲ ကျွမ်းကျင်သူများ အထူးလုပ်ငန်းအဖွဲ့ကို ထိုင်းဘက်မှ NESDB (National Economic and Social Development Board) ၊ ထိုင်းနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန(The Fiscal Policy Office) မှ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ထားဝယ်မြို့တွင် လျှပ်စစ်ဓာတ်အားကို တယူနစ်လျှင် ၂၁၀ ကျပ်ဖြင့် သာမန်ထက် ၅ ဆ ပေး၍ ဝယ်သုံးနေရချိန်တွင် ယင်းစီမံကိန်းကို မီးရရှိအောင် မည်သို့ လုပ်ဆောင်နိုင်မည့် မေးခွန်းရှိကြောင်း၊ ယခုအချိန်တွင် လမ်းဖောက်သည့် လုပ် ငန်းများ ဆက်လက် လုပ်ဆောင်မည်ဟု ကြားသိနေသော်လည်း စီမံကိန်းကြီးတခုလုံးမှာ ငြိမ်သက်နေကြောင်း ထားဝယ် ဒေသခံ ဦးလေးလွင်က ဧရာဝတီသို့ ပြောသည်။
“ဒီကိုလည်း ဂျပန် အပါအဝင် အဖွဲ့ပေါင်းစုံ လာကြည့်နေတာပဲ။ ပြီးတော့ ဘာမှလည်း မထူးပါဘူး။ ဘာတွေ ဆက်လုပ် မလဲဆိုတာ ဘယ်သူမှလည်း တိတိကျကျ မပြောနိုင်ဘူး။ ကျနော်တို့ မြေတွေလည်း စီမံကိန်းလုပ်ငန်းထဲမှာ ပါနေတော့ ဘာတွေလုပ်မလဲ ဆိုတာ အနီးကပ် စောင့်ကြည့်နေတုန်းပဲ”ဟု ၎င်းက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ အနောက်မြောက်ဘက် ၁၇ မိုင်အကွာ နဘူးလယ် ဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည့် အထူးစီးပွားရေးဇုန်တခု ဖြစ်ကာ ၂၀၀၈ ခုနှစ်တွင် မြန်မာနှင့် ထိုင်းနိုင်ငံ အစိုးရတို့ကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းစာချွန်လွှာကို အကောင်အထည်ဖော်နိုင်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ ထိုင်းကုမ္ပဏီ တို့ နားလည်မှု စာချွန်လွှာကို ဇွန်လ ၁၂ ရက်နေ့တွင် လည်းကောင်း၊ မူဘောင် သဘောတူစာချုပ်ကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
သို့သော် အီတာလျံထိုင်း ကုမ္ပဏီသည် နိုင်ငံတကာ ငွေကြေးအဖွဲ့များထံမှ ချေးငွေမရရှိခြင်း၊ အခြားရင်းနှီးမြှုပ်နှံ သူများထံမှ ငွေကြေး ထည့်ဝင် ရင်းနှီးမြှုပ်နှံမှု မရှိတော့ခြင်းတို့ကြောင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ် အချိန်ဇယား အတွင်း မဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာအစိုးရက ပြောဆိုခဲ့သည်။