သတင်း

ရခိုင်မြောက်ပိုင်း အကြမ်းဖက်လုပ်ရပ်များ ရှုတ်ချကြောင်း အဆို တင်ခွင့်မရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောဒေသတွင် အချုပ်အခြာ အာဏာ ထိပါး ကျူးကျော်မှု၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်း လုံခြုံရေး ထိခိုက် ပျက်ပြားစေသည့် ရက်စက်ပြင်းထန်သော အကြမ်းဖက် လုပ်ရပ်များအား လွှတ် တော်မှ ပြင်းထန်စွာ ရှုတ်ချကြောင်း အရေးကြီးအဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် တင်ပြခွင့် မရခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအဆိုကို တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ နေပြည်တော် ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးလှဌေးဝင်းက တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ဘူးသီးတောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ထောက်ခံရန် ပြင်ဆင် ထားခြင်း ဖြစ်သည်။

ဘူးသီးတောင် အမတ် ဦးအောင်သောင်းရွှေက “ဦးလှဌေးဝင်းက ဘူးသီးတောင်၊ မောင်တော အခြေအနေဟာ အချုပ်အခြာ အာဏာကို ထိပါးလာတဲ့အတွက်ကြောင့် အကြမ်းဖက် လုပ်ငန်းတွေကို ရှုတ်ချတယ်ပေါ့။ အဲဒီ အရေးကြီး အဆိုကို သူက တင်မယ်။ ကျနော်က ထောက်ခံ ဆွေးနွေးမယ်ဆိုပြီးတော့ လုပ်တာ။ ဒါပေမယ့် အဲဒီအဆိုကို လွှတ် တော် ဥက္ကဋ္ဌက ခွင့်မပြုလို့ ဒီနေ့ ဘာမှ လုပ်လို့ မရလိုက်ဘူး”ဟု ပြောသည်။

လက်ရှိ အခြေအနေအရ မောင်တောဒေသကို အရေးပေါ် အခြေအနေ ကြေညာ၍ စစ်အုပ်ချုပ်ရေး ပြုလုပ်သင့်ပြီ ဖြစ်ကြောင်း၊ အခြေအနေ ဆိုးရွားနေသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် လုံခြုံရေး ဝန်ထမ်းအင်အားနှင့် ဘင်္ဂါလီ အကြမ်းဖက်များ၏ အင်အားမှာ လုံးဝ မမျှတကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ “ စစ်ဘက်အုပ်ချုပ်ရေးက လိုအပ်နေပါပြီ။ အရေးပေါ်အခြေအနေ ကြေညာဖို့တောင် လိုအပ်နေပါတယ်။ အခုက အရပ်ဘက်က အုပ်ချုပ်ရေးမှ မရှိတာ။ တရား ဥပဒေ စိုးမိုးရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်တွေက အကုန်ပျက် နေပြီလေ။ လွှတ်တော်ကြီးကနေလည်း အရေးပေါ် အခြေအနေ ကြေညာနိုင်အောင် တွန်းအားပေးသင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ကြံ့ခိုင်ရေးပါတီမှ ဦးသောင်းအေးက ရခိုင်ဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ် အရေးကြီး အဆိုတခုကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသ မတည်ငြိမ်မှုများသည် တိုင်းပြည်၏ အမျိုးသား လုံခြုံရေးတွင် ခြိမ်း ခြောက်ခံနေရခြင်း ဖြစ်၍ လက်ရှိ အစိုးရအနေဖြင့် နိုင်ငံလုံခြုံရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များကို ပြည့်ပြည့် ဝဝ ဆောင်ရွက်ရန် လိုအပ်နေကြောင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက ဇွန်လ ၂၉ ရက်နေ့တွင် လွှတ်တော် မီဒီယာများသို့ ပြောဆိုဖူးသည်။

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ်လ ၂၅ ရက်နေ့ နံနက် အစောပိုင်းက ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ လုံခြုံရေးစခန်း ၃၀ ခန့်ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြပြီးနောက် ရခိုင် ဒေသခံများကိုလည်း အကြမ်းဖက် သတ်ဖြတ်မှုများ ဆက်တိုက် လုပ်ဆောင်လျက် ရှိသည်။

“အကြမ်းဖက်သမားကို ချေမှုန်းတာ၊ နှိမ်နင်းတာကတော့ အထွေအထူး ပြောစရာ မလိုဘူး။ ဒါတောင်မှ ဥပဒေကြောင်း အရ တရားဥပဒေနဲ့ လျော်ညီအောင်လို့တော့ လုပ်ဖို့တော့ လိုမယ်” ဟု အစ္စလာမ် ဘာသာဝင် နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးထွန်းကြည်ကလည်း ဧရာဝတီသို့ ပြောသည်။

ယခုအခါ ယင်းဒေသကို တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်ရန် ကြိုးစားလျက်ရှိပြီး ဖြစ်စဉ်များ အတွင်း ဘင်္ဂါလီ အကြမ်းဖက် ၁၀၀ နီးပါး သေဆုံးခဲ့ပြီး အစိုးရဘက်မှ အနည်းဆုံး ၁၅ ဦး ကျဆုံးသွားခဲ့ကြောင်း မောင် တောမှ လာသော သတင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading