သတင်း

UNA အဖွဲ့ဝင်အဖြစ် လျှောက်သော ရခိုင်ပါတီကို ထပ်မံထည့်သွင်းရန် စဉ်းစားနေ

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တွင် အဖွဲ့ဝင်အဖြစ် လျှောက်ထားလာသော ရခိုင်ပါတီတခု ရှိနေသော်လည်း လက်ခံရန် သင့်၊ မသင့် စဉ်းစားနေပြီး လတ်တလောတွင် လက်ခံမှု မရှိသေးဟု အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၏ တွဲဖက်အတွင်းရေးမှူး-၂ ဦးစိုင်းကျော်ညွန့်က ပြောသည်။

“အခု လောလောဆယ်တော့ ဘယ်တိုင်းရင်းသား ပါတီကိုမှ လက်ခံမှု မရှိသေးဘူး။ တရားဝင် ကမ်းလှမ်းထားတဲ့ ရခိုင် ပါတီတခုတော့ ရှိတယ်။ ဒါပေမဲ့ ရခိုင်က လက်ရှိ UNA ထဲမှာ သုံးပါတီ ရှိနေတော့ ဒါကို ပြန်သုံးသပ်နေကြတယ်။ နောက် ထပ် ရခိုင်ပါတီတခု ပါဝင်ဖို့လိုသလား၊ မလိုဘူးလားဆိုတာပေါ့”ဟု SNLD မှ တွဲဖက်အတွင်းရေးမှူး-၂ ဦးစိုင်းကျော်ညွန့်က ပြောသည်။

UNA သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားသော တိုင်းရင်းသားပါတီများအနက် ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ(ရခိုင် ပါတီ)က တရားဝင် စာပေးပို့ ကမ်းလှမ်းလာကြောင်း UNA အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။

UNA ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီခုနှစ်ပါတီဖြင့် ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ရာမှ လက်ရှိတွင် အဖွဲ့ဝင် နိုင်ငံရေးပါတီ ၁၅ ပါတီရှိခဲ့ပြီး ထပ်မံ၍ အဖွဲ့ဝင်အဖြစ် လျှောက်ထားနေသော ပါတီများလည်း ရှိနေကြောင်း သိရ သည်။

“လောလောဆယ် ကျနော့်ဆီရောက်တာ ဒိုင်းနက်အမျိုးသား တိုးတက်ရေးပါတီ တခုတည်းပဲ ရှိသေးတယ်။ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လျှောက်ထားလာတာ။ သူတို့ကို UNA အတွင်းရေးမှူးအဖွဲ့က UNA ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို ပေးပို့ထားတယ်။ သူတို့ ဒါကို လက်ခံတယ်ဆိုရင်တော့ ကျနော်တို့ စဉ်းစားမယ်။ အခုထိတော့ သူတို့ ပြန်အကြောင်းကြားလာတာ မရှိသေး ဘူး”ဟု UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ)က ပြောသည်။

UNA အတွင်းရေးမှူးအဖွဲ့များ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ပထမပတ်က ပြုလုပ်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေး မှုများတွင် ထိရောက်စွာ တင်ပြနိုင်ရန် အဖွဲ့ဝင် ပါတီများအကြား ချိတ်ဆက် ဆောင်ရွက်နိုင်ရေးနှင့် UNA မိတ်ဖက် အဖွဲ့အစည်း ညီလာခံပြုလုပ်ရေး ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။

UNA အဖွဲ့ဝင် ပါတီများမှာ ရှမ်းပြည် ကိုးကန့် ဒီမိုကရေစီပါတီ (SSKDP)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်မျိုးချစ် ပါတီ (APP)၊ မြိုအမျိုးသား ဒီမိုကရက်တစ်ပါတီ(MNDP)၊ ချင်း ဒီမိုကရေစီအဖွဲ့ချုပ်(CLD)၊ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက် ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်း ညီညွတ်ရေးပါတီ (SNSP) အစရှိသည်ဖြင့် တိုင်းရင်းသား ပါတီ ၁၅ ခု ရှိသည်။

Loading