သတင်း

ရခိုင်တွင် အကြမ်းဖက်မှုများကြောင့် တိမ်းရှောင် နေရသူများ အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင် နေကြရသည့် ဒုက္ခသည် ဦးရေ ၁ သောင်း ဝန်းကျင် အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

ဒုက္ခသည်များ အတွက် စားသောက်ကုန် ပစ္စည်းများ အရေးပေါ် လိုအပ်နေပြီး၊ အထူးသဖြင့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် မီးဖိုချောင်သုံး ရိက္ခာများ၊ အဝတ်အထည်များ လိုအပ်နေသည်ဟု ဒုက္ခသည်များအား ကူညီပေးနေ သူများက ဧရာဝတီ ကို ပြောသည်။

လက်ရှိ ဒုက္ခသည် ဦးရေသည် မောင်တောမြို့နယ်၌ ၅၀၀၀ ဝန်းကျင်ရှိပြီး ဘူးသီးတောင်မြို့နယ်တွင်လည်း ၄၀၀၀ ဝန်း ကျင်ရှိကြောင်း၊ ထို့အတူ ရသေ့တောင်မြို့နယ်တွင်လည်း ထောင်ဂဏန်း ရှိကြောင်းလည်း ကူညီ ကယ်ဆယ်ရေး ဆောင်ရွက် နေသူများက ပြောပြသည်။

မောင်တောမြို့ပေါ်ရှိ ဒုက္ခသည်များအား ကူညီပေးနေသည့် အရေးပေါ်ကူညီထောက်ပံ့ရေး အဖွဲ့မှ ကိုသန်းဇော်ဦးက “စားသောက်ကုန် ပစ္စည်းတွေကတော့ အရေးပေါ်လိုအပ်နေပါတယ်၊ နောက်တခုက အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေ လိုအပ်နေပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။

ဒုက္ခသည်များသည် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် ခိုလှုံနေကြပြီး အများစုသည် စစ်တွေမြို့နှင့် လုံခြုံရေး ကောင်းမွန်သည့် တခြားမြို့များသို့ ပြောင်းရွှေ့မှုများ ရှိနေကြောင်း၊ မောင်တောမြို့နယ်၌ ဒုက္ခသည်စခန်း ၅ ခု ရှိပြီး ဘူးသီးတောင်၌ ၁၀ ခုကျော် ရှိကြောင်း သိရသည်။

ရခိုင်အမျိုးသား ပါတီ (ANP) ၏ မောင်တောမြို့နယ် ဥက္ကဌ ဦးခင်မောင်သန်းက “လက်ရှိ အခြေအနေအရ လိုအပ်တာ က တော့ အားလုံးနီးပါးပါပဲ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ အတွက် ဝေးလံတဲ့နေရာတွေက ဒုက္ခသည် စခန်း တွေကို ကယ်ဆယ်ရေးတွေ မရောက်နိုင်သေးပါဘူး၊ အဓိကတော့ လုံခြုံရေးကြောင့်ပါ” ဟု ပြောသည်။

ဒုက္ခသည်များအား ပြည်နယ် အစိုးရအဖွဲ့ကလည်း ခေါက်ဆွဲခြောက်များနှင့်ရိက္ခာတချို့ ထောက်ပံ့ပေးမှုများရှိပြီး ပုဂလိက အလှူရှင်များအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် မရောက်နိုင်ကြသေးဟု သိရသည်။

ဘူးသီးတောင် မြို့နယ်တွင်လည်း ဒုက္ခသည် ဦးရေတိုးပွားလာနေပြီး မြို့နှင့်ဝေးလံသည့် နေရာများရှိ ဒုက္ခသည်များထံ သွားရောက် ကူညီရန် အခက်အခဲများရှိနေကြောင်း ဒုက္ခသည်များအား ကူညီပေးနေသူ ဦးဝင်းနိုင် က ဧရာဝတီ ကို ပြော သည်။

၎င်းက “ဘူးသီးတောင် မြို့ပေါ်မှာက လူ ၁၀၀၀ ကျော်လောက်ပဲ ရှိတယ်၊ မြို့ကို ရောက်မလာဘဲ လုံခြုံရေး ရှိတဲ့ နီးစပ် ရာ ရွာတွေမှာ ခိုလှုံနေတဲ့သူတွေ အများအပြား ရှိနေတယ်၊ လုံခြုံရေးအရ အန္တရာယ်များနေတဲ့ အတွက် လတ်တလော မသွားရဲကြ ဖြစ်နေတယ်” ဟုလည်း ဆိုသည်။

မောင်တောမြို့နယ်၌ သြဂုတ်လ ၂၅ ရက်နေ့က နယ်ခြားစောင့် လုံခြုံရေး ကင်းစခန်း ၂၀ ကျော်အား ဘင်္ဂါလီ အကြမ်း ဖက် သမားများက အုပ်စုဖွဲ့၍ တပြိုင်တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်။

ထို့အတူ တပ်မတော် တပ်ရင်းတချို့နှင့်လုံခြုံရေး စခန်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ကျေးရွာများကိုလည်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များတွင် ဘင်္ဂါလီ အကြမ်းဖက် သမားများက တိုက်ခိုက်မှု၊ မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြော သည်။

ဘင်္ဂါလီ အကြမ်းသမားများ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း တချို့ သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading