သတင်း

မော်လမြိုင်ကျွန်း ရဲစခန်းမှ ထွက်ပြေးသည့် အချုပ်သား ၁၀ ဦးတွင် ၂ ဦး ပြန်လည်ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့မရဲစခန်း၏ အချုပ်ခန်းကို ဖောက်၍ ထွက်ပြေးသွားသည့် အချုပ်သား ၁၀ ဦးအနက် ၂ ဦးကို ယမန်နေ့က ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်ကျွန်း မြို့မ ရဲစခန်းတွင် အချုပ်သား ၈၀ ခန့် ရှိနေသဖြင့် ရဲစခန်း အဆောက်အအုံဟောင်း အပေါ် ထပ် တွင် အချုပ်သား ၄၁ ဦးကို ပြောင်းရွှေ့ ချုပ်နှောင်ထားခဲ့ရာ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင် က အချုပ်သား ၁၀ ဦးမှာ ဆွေးမြေ့နေသည့် အချုပ်ခန်း ကြမ်းခင်းကို ချိုးဖျက် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထွက်ပြေးသည့် သူများကို ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့် ဦးစီး၍ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများ ပိတ်ဆို့ရှာဖွေခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင် တရားခံ ကြည်စိုးအား မော်လမြိုင်ကျွန်း မြို့နယ် အလယ် ရေကျော်အုပ်စု သဲဖြူရွာတွင် ဖမ်းဆီးရမိခဲ့ပြီး တရားခံ သန်းထွန်းကို ရှောက်ချောင်း အုပ်စု ငွေတံဇဉ်ရွာတွင် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ပြောသည်။

“မော်လမြိုင်ကျွန်း အချုပ် ဖောက်ပြေးသွားတဲ့ ကြည်စိုးကို မနေ့က မနက် ၁ နာရီမှာ လယ်တဲတခုမှာ ဖမ်းဆီး ရမိခဲ့တယ်။ အလားတူ မနေ့က နေ့လယ် ၂ နာရီခွဲလောက်မှာ တရားခံ သန်းထွန်းကို သတင်းအရ ဖမ်းဆီးနိုင်ခဲ့ ပါတယ်။ သူတို့ နှစ်ဦးစလုံးကို ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ ထပ်မံအမှုဖွင့် အရေးယူထားပါတယ်”ဟု ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒု ရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ထွက်ပြေးသွားသည့် အချုပ်သားများအနက် သန်းထွန်းနှင့် ကြည်စိုး တို့ကို ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်လူ ၈ ဦးဖြစ်သည့် မျိုးလွင် (ခ) မျိုးမျိုး၊ ရဲသွေးအောင်၊ မျိုးဆန်း၊ စိုးပိုင်၊ ထွန်းထွန်းဝင်း၊ ဌေးဝင်း၊ အောင်ဆန်း ဦးနှင့် ဖြိုးအောင်တို့မှာ လွတ်မြောက်နေဆဲ ဖြစ်သည်။

အဆိုပါ ၈ ဦးအား ဖမ်းဆီးရမိရေး အတွက် လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် မအူပင်ခရိုင်ရှိ ရဲစခန်းများသို့ အချုပ်သားတို့၏ ကိုယ်ရေး အချက်အလက်များ ပေးပို့ကာ ကုန်းလမ်း၊ ရေလမ်း ဂိတ်များတွင် ပိတ်ဆို့ ရှာဖွေ မှုများ ဆက်လက် ပြုလုပ်နေသည် ဟု တိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်။

အချုပ်သားများ ထွက်ပြေး လွတ်မြောက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒု တိုင်း ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး လှိုင်တင့် ဦးဆောင်သည့် ခုံရုံးအဖွဲ့ဖြင့် လပွတ္တာခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့ မှူး၊ မြို့မစခန်းမှူးနှင့် တာဝန်ကျ ရဲအရာရှိများနှင့် ရဲဘော်များအား စစ်ဆေးနေပြီး အဓိက တာဝန်ရှိသည့် မော်လမြိုင်ကျွန်း မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင် ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

“တာဝန်ပေါ့လျော့တဲ့ တပ်ဖွဲ့ဝင်တွေကို ရဲစည်းကမ်းအရ အရေးယူဖို့အတွက် တပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားပါ တယ်။ အလှည့်ကျ ကင်းသမား အဖွဲ့တွေပေါ့။ စစ်ဆေးမှုအနေနဲ့ကတော့ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့နဲ့ ခရိုင်၊ မြို့နယ်၊ သက်ဆိုင်ရာ မြို့မစခန်းမှူး၊ တာဝန်မှူးနဲ့ ကင်းသမားတွေကို စစ်ဆေးပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မြောင်းမြခရိုင် အိမ်မဲမြို့မ အချုပ်ခန်းအတွင်းမှ ခိုးမှုဖြင့် ဖမ်းဆီးထားသူ အချုပ်သား ၃ ဦးသည် အချုပ်ခန်းသံတိုင်အား သံဖြတ်လွှဖြင့် ဖြတ်တောက်၍ ထွက် ပြေး ခဲ့ပြီး ၁ ရက်အကြာ စက်တင်ဘာ ၁၅ ရက်နေ့တွင် တိုင်းရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်မှု ဖြစ်ပွား ခဲ့သေး သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading