သတင်း

ကျောက်မျက်နှင့် တွင်းထွက် တူးဖော်မှု ထိန်းချုပ်ရေးအဆို လွှတ်တော်အတည်ပြု

Want create site? Find Free WordPress Themes and plugins.

ကျောက်မျက် ရတနာနှင့် တွင်းထွက် သတ္ထု သယံဇာတများအား ရေရှည် သုံးစွဲခံစားနိုင်ရေး အတွက် တူးဖော် ထုတ် လုပ်မှု ထိန်းသိမ်း စောင့်ရှောက်ရန် အစိုးရကို တိုက်တွန်းကြောင်းအဆို ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

အဆိုကို စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး သယံဇာတများအား လိုအပ်မှသာ ထုတ်ယူ သုံးစွဲရန်နှင့် နိုင်ငံတော်အရန် ဓာတ်သတ္ထုသိုက် ပမာဏများ ထားရှိ ဆောင်ရွက်လျက်ရှိသည့် အတွက် အဆိုအား အတည်ပြုပေးရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း က တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးအုန်းဝင်းက “နယ်မြေလုံခြုံရေး အကန့်အသတ်ရှိတဲ့ နေရာများကလွဲပြီး ကျန်တဲ့နေရာများမှာ ကျောက်မျက်နဲ့ တွင်းထွက် သယံဇာတများကို အနာဂတ် နိုင်ငံတော်နှင့် နောင်လာနောင်သားများ အရှည်သဖြင့် သုံးဆောင် ခံစား နိုင်ရန် ထုတ်လုပ် သုံးစွဲ စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ကျောက်မျက် တူးဖော်မှုများကို စက်ယန္တရားကြီးများ အသုံးပြုကာ တူးဖော်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများဖြစ်နေပြီး တရားမဝင်မှောင်ခို ထုတ်ယူမှုများကြောင့်လည်း နိုင်ငံတော်မှ အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာ မှုများရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

တပ်မတော်သား ကိုယ်စားလှယ် တဦး ဖြစ်သော ဗိုလ်မှူးမြတ်ကို ကလည်း “တရားမဝင်တူးဖော်မှုများ၊ ကုမ္ပဏီများရဲ့ စည်းမျဉ်း လိုက်နာမှု အားနည်းချက်များကြောင့် နည်လမ်းမျိုးစုံဖြင့် မှောင်ခိုဈေးကွက်သို့ ရောက်ရှိသွားပြီး လေလွင့် ဆုံးရှုံးလျက် ရှိခြင်းကြောင့် နိုင်ငံတော် အနေဖြင့် အခွန်ဘဏ္ဍာ အပြည့်အဝမရရှိဘဲ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိနေပါတယ်” ဟု ပြောသည်။

အစိုးရသစ် လက်ထက်၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များ သက်တမ်း တိုးခြင်း၊ လုပ်ကွက်သစ်များ ချပေးခြင်းတို့ကို ယာယီရပ်ဆိုင်းထားပြီး ဓာတ်သတ္ထု လုပ်ငန်းများ လုပ်ကွက်သစ် ခွင့်ပြုမိန့် ထုတ် ပေး ခြင်းကိုလည်း မြန်မာ့သတ္ထုတွင်း နည်းဥပဒေ ထုတ်ပြန်ခြင်း မပြုမီ ကာလအထိ ရပ်ဆိုင်းထားကြောင်း သိရသည်။

ကျောက်မျက်ဥပဒေ ပြဌာန်းနိုင်ရေး အတွက် ဆွေးနွေးဆောင်ရွက်ရန် ဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော် သို့ ရောက်ရှိနေပြီဖြစ်ပြီး စည်းကမ်းဥပဒေကို တိတိကျကျပြဌာန်းကာ လိုက်နာစေရန်နှင့် ဒေသခံများ၏ လုပ်ကိုင်ခွင့်နှင့် အခွင့်အရေးများကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်သည် သဘော သဘာဝ မတူ သည့်အတွက် ကျောက်မျက်ဥပဒေနှင့် ကျောက်စိမ်းဥပဒေဟူ၍ သီးသန့်ပြဌာန်းသင့်ကြေင်း မိုးကုတ်မဲဆန္ဒနယ်မှ ဦးနိုင်ငံကျော်က ပြောသည်။

ဦးနိုင်ငံကျော် “လုပ်ကွက်ချပေးရာမှာ သက်ဆိုင်ရာ ဒေသခံတွေပါဝင်ပြီးမှ သူတို့ရဲ့အကြံပြုချက်တွေကို ရယူဖို့ လိုအပ် ပါတယ်၊ စာရွက်ပေါ်မှာပဲ ချပေးလိုက်ရင် ပွင့်လင်းမြင်သာမှု မရှိဘဲ မြေယာပြဿနာတွေ ဖြေရှင်းရတာတွေလည်း အများကြီး ရှိပါတယ်”ဟုလည်း ဆွေးနွေးခဲ့သည်။

ကျောက်မျက် တူးဖော်မှုတွင် ရေမဆေး ကျောက်သမားများအား အခွန်ကောက်ခံကာ ဥပဒေနှင့်အညီ ခွင့်ပြုပေးရန် လိုအပ်ပြီး ယခုကဲ့သို့ စည်းကမ်းမဲ့စွာ စက်ယန္တရားကြီးများဖြင့် လောဘတကြီး ဆက်လက်တူးဖော် နေပါက နောင် အနှစ် ၂၀ ခန့်တွင် လုံးဝပျောက်ကွယ် သွားနိုင်သည့်အတွက် ထိန်းချုပ်တားဆီးရန် လိုအပ်နေကြောင်း အဆိုရှင် ဦးကျော်အောင်ဝင်းက ပြောသည်။

အစိုးရအနေဖြင့် သယံဇာတ အရင်းအမြစ်များမှ ရရှိသည့် အခွန်ဘဏ္ဍာများနှင့် ပတ်သက်၍ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်များတွင် ရရှိခဲ့သည့် အခွန်ဘဏ္ဍ ရှင်းတမ်းများကို၂၀၁၈ ခုနှစ် မတ်လတွင် လွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဦးအုန်းဝင်းက ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (ETTI) အဖွဲ့သို့ ၂၀၁၄ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး အဖွဲ့သို့ ဝင်ရောက်သည့် ၄၅ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်သည်။

လက်ရှိ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်း၊ မိုးကုတ်၊ မိုင်းရှူးနှင့် နန့်ယားဆိပ် ရတာနာနယ်မြေများအတွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း သက်တမ်းကုန်ဆုံးမည့် ကျောက်မျက် လုပ်ကွက် အရေအတွက်မှာ လုပ်ကွက် ၂၅၆၁ ကွက် ရှိ ကြောင်း၊ စက်တင်ဘာ လတွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက် အရေအတွက်မှာ ၃၁၅ ကွက်ရှိကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading