သတင်း

ငေါ့ချမ်းခချောင်းပေါ်က ရေအားလျှပ်စစ်စီမံကိန်း အပြီးရပ်ဆိုင်းပေးရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ အထူးဒေသ (၁)အတွင်းရှိ ငေါ့ချန်းခချောင်းပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၄ခုမှာ ဒေသခံများ၏ ရိုးရာယဉ်ကျေးမှု သမိုင်းကြောင်းနှင့် စားဝတ်နေရေးများကို ဖျက်ဆီးမည် ဖြစ်သဖြင့် အပြီးသတ် ရပ်တန့်ပေးပါဟု အစီရင်ခံစာ တစောင်ထုတ်ပြန်ကာ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) နှင့် ဒေသခံများက တောင်းဆိုလိုက်သည်။

KDNG မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မိုင်က “ငေါ့ချန်းခ ဒေသက အရမ်းဝေးတဲ့ နေရာဖြစ်တယ် ။ ချောင်ကျတယ်။ အဲဒါကို ဗဟိုအစိုးရက စီမံကိန်းကို ခိုးကြောင်ခိုးဝှက် စတယ်။ ခိုးကြောင်ခိုးဝှက် စတာကို ကျနော်တို့က အကုန်လုံး သိအောင် ဒီအစီရင်ခံစာကို လုပ်ဆောင်ပြီး တားမြစ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ငေါ့ချမ်းခသည် ကချင်တိုင်းရင်းသား မျိုးနွယ်စုထဲမှ လော်ဝေါ်၊ လချိဒ်၊ ငေါ့ချန်း၊ လီဆူများ ဆင်းသက်လာသော မျိုး ဆက် အဆက်ဆက်နေလာခဲ့သည့် သမိုင်းဝင်နေရာဖြစ်သောကြောင့် အခြားနေရာများသို့ မပြောင်းလိုဘဲ စီမံကိန်းကို သာ အပြီးသတ် ရပ်ဆိုင်းပေးစေလိုကြောင်း ၎င်းက ပြောသည်။

ကချင်မျိုးနွယ်စုများအနက် လော်ဝေါ်၊ လချိဒ်၊ ငေါ့ချန်း၊ လီဆူတို့၏ သမိုင်းကြောင်း စတင်ရာ နေရာသည် ငေါ့ချန်းခ မြစ်ကြောင်းတလျှောက်တွင် တည်ရှိသည်။

သြဂုတ်လ ၂၉ ရက်တွင် ရန်ကုန်မြို့၌ “ငေါ့ချန်းခလွင်ပြင်ကို ထိန်းသိမ်းကာကွယ်ခြင်း”ဟူသည့် အမည်ဖြင့် KDNG က အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး KDNG တာဝန်ခံများနှင့် ဒေသခံများက ကန့်ကွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တခုကိုလည်း ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဖော်ပြချက်အရ ငေါ့ချန်းခ ရေကာတာစီမံကိန်း ၄ခုကို ၂၀၂၆ -၂၀၂၇ ခုနှစ်တွင် အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်ဟု KDNG၏ အစီရင်ခံစာတွင် ရေးသားထားသည်။

ထို့ကြောင့် ဒေသခံများက စိုးရိမ်ပူပန်မှု ဖြစ်လာပြီး ယခုကဲ့သို့ အစီရင်ခံစာဖြင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု သိရသည်။

ငေါ့ချန်းခ ရေအားလျှပ်စစ် ရေကာတာစီမံကိန်းကို ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံမှ International Energy Cooperation and Development Corporation (YEIG) တို့ အကြား နားလည်မှု စာချွန်လွှာ (MOU) ထိုးပြီး အစိုးရက စီမံကိန်း လုပ်ဆောင်မည်ကို ကြေညာထားခြင်း ဖြစ်သည်ဟု KDNG ၏ အစီရင်ခံစာထဲတွင် ရေးသားထားသည်။

၂၀၁၀ ခုနှစ်တွင် ငေါ့ချန်းခ ရေကာတာစီမံကိန်း ၄ခုကို အကောင်အထည်ဖော်ရန် YEIG နှင့် အစိုးရအကြား နားလည် မှု စာချွန်လွှာ (MOU) တခု ထပ်မံရေးထိုးပြီး ၂၀၁၀-၂၀၁၃ ခုနှစ်များတွင် ရေကာတာ တည်ဆောက်ရန် လေ့လာမှုများ ပြုလုပ်ခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ် လေ့လာမှု (EIA/SIA) များကို တရုတ်နိုင်ငံမှ Power China Kunming Engineering Corporation (KHID) ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Resource and Environment Myanmar (REM) တို့က စတင် ပြုလုပ်ကာ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် YEIG နှင့် မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ တခု ထပ်မံချုပ်ဆိုခဲ့သည်။

၂၀၁၅ ခုနှစ်၊ မေလတွင် YEIG ကုမ္ပဏီဝန်ထမ်းများက မြေသား၊ ရေသား စမ်းသပ်မှုများပြုလုပ်ရန် ထပ်မံ ဆောင် ရွက်ရာ ထန်ဒုံးနှင့် ထွန်းရှိန်ကျေးရွာမှ ဒေသခံများက ဝိုင်းဝန်းပိတ်ဆို့ တားမြစ်ခဲ့သဖြင့် ကုမ္ပဏီဝန်ထမ်းများ ထပ်မံ ရောက်မလာတော့ဘဲ ဒေသခံများနှင့် တွေ့ဆုံသည့် ပွဲများ ပြုလုပ်ခဲ့သော်လည်း ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်မြို့၌ ပြုလုပ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာကျသော ဆန်းစစ် လေ့လာမှု အလုပ်ရုံဆွေးနွေးပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တင်ပြသည့် ပြည်တွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်မည့် ရေကာတာ ၅၀ စာရင်းတွင် ငေါ့ချန်းခ ရေအားလျှပ်စစ် ရေကာတာ စီမံကိန်း ၄ခု ပါဝင်နေသည်။

အဆိုပါ ရေကာတာ ၄ခုကို တည်ဆောက်ပါက ငေါ့ချန်းခချောင်းတလျှောက်ရှိ လောင်ဒင်း၊ မျော်ဂျောင်၊ မန်ဗျော၊ ဘွိုင်လက် ၊ ဆော့လော်၊ ဂန်ခွမ်း၊ ဂျိတ်ဂျော် ၊ ထွန်းရှိန်၊ နူဇွန်ဘောင်၊ ဂေါယွမ်၊ ချိဂေါ်၊ ကျွန်းရှန် ၊ ထန်ဒုံး၊ ဖိုမိုဂျန်၊ ဝါဇွပ်ဂျန် ၊ လာငေါ်ခေါ် ကျေးရွာတို့ရှိ အိမ်ခြေ ၇၁၆ အိမ် ပျက်စီးပြီး ထိုအိမ်များတွင် နေထိုင်ကြသည့် လူဦးရေ ၄၄၃၂ ဦးမှာလည်း နေရာရွှေ့ပြောင်းကြရမည် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုထားသည်။

ထွန်းရှိန်ကျေးရွာမှ ဒေသခံ ဦးလငွါးတိုက်ဆောင်က “အစိုးရဘက်ကရော ကုမ္ပဏီဘက်ကရော ကျနော်တို့ ဒေသခံ သဘောထားကို ဂရုမစိုက်ဘူး။ တိုင်လည်း မတိုင်ပင်ဘူး။ ပြောပြလည်း မသိသလိုပဲ။ ဒါမလုပ်သင့်ဘူး။ ကျနော်တို့ ဒေသခံတွေ ဆန္ဒကို ကြည့်သင့်တယ်။ ကျနော်တို့ ဘယ်ကိုမှ မရွှေ့နိုင်ဘူး ဒီနေရာမှာပဲ နေမယ်။ ကျနော်တို့ ဘဝ တွေကို ဖျက်ဆီးမယ့် ကျနော်တို့ ငေါ့ချန်းခကို ဖျက်ဆီးမယ့် စီမံကိန်းကိုလည်း လုံးဝခွင့်မပြုနိုင်ဘူး” ဟု ပြောသည်။

၎င်းတို့ ရွှေ့ပြောင်းရမည်ဆိုပါက ကျောက်တောင်များပေါ်တွင် စိုက်ပျိုးရေးနှင့် နေအိမ်တည်ဆောက်ရန် မဖြစ်နိုင် သကဲ့သို့ ငေါ့ချန်းခ မရှိလျှင် သောက်သုံးရေလည်း မရှိနိုင်သဖြင့် ၎င်းတို့ မျိုးနွယ်စုအားလုံး ပျောက်ဆုံးသွားနိုင် သည်ဟု ပြောသည်။

ဒေသခံများမှာ ငေါ့ချန်းခချောင်းတလျှောက်တွင် နေထိုင်ပြီး သောက်သုံးရေနှင့် ဟင်းလျာအတွက် ငါးကိုလည်း ငေါ့ချန်းခမှ ရယူကြသလို မြေသားတောင်များတွင် စပါး၊ လိမ္မော်၊ သစ်ကြားသီးများ စိုက်ပျိုးပြီး တောတွင်း ဆေးပင်များ ရှာကာ တရုတ်နယ်စပ်၌လည်း ရောင်းချကြသည်။

ဧရာဝတီက ၂၀၁၅ ခုနှစ်အတွင်း အထူးဒေသ (၁) အတွင်းရှိ ငေါ့ချန်းခချောင်း တလျှောက် သတင်းသွားယူရာ ထိုဒေသတွင် ကျောက်တောင်များ ပေါများပြီး မြေသားတောင် အနည်းငယ်သာရှိကာ ရွာတရွာလျှင် အိမ်ခြေ အနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ်၊ မတ်လတွင်လည်း ဒေသခံများက စုပေါင်းပြီး “ငေါ့ချန်းခမြစ်ကို လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပေးပါ” ၊ “စီမံကိန်းကို ချက်ချင်းရပ်တန့်ပေးပါ”ဟု အော်ဟစ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဒေသခံများအနေဖြင့် ငေါ့ချန်းခ ရေအားလျှပ်စစ် ရေကာတာစီမံကိန်း ပြုလုပ်မည်ကို စိုးရိမ်နေရခြင်းမှာ ၂၀၁၃ ခုနှစ် တွင် China Power Investment (CPI) က အထူးဒေသ (၁) အတွင်း ချီဖွေငယ်ရေအားလျှပ်စစ် ရေကာတာကြီးတခု တည်ဆောက်ရာ ဒေသခံတို့၏ စိုက်ပျိုးမြေများ လျော်ကြေးမရဘဲ ဆုံးရှုံးကာ ရေနေငါးနှင့် သောက်သုံးရေများ ညစ်ညမ်းသွားခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း သိရသည်။

KDNG ၏အစီရင်ခံစာထဲတွင် ချီဖွေငယ် ရေအားလျှပ်စစ် ရေကာတာ ဆောက်လုပ်စဉ်က ဒေသခံများကို လျှပ်စစ် မီးပေးမည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ရေကာတာ ဆောက်လုပ်ပြီးစီးချိန်တွင် မီးပေးခဲ့သော်လည်း တယူနစ်လျှင် ၁၇၀ ကျပ် ပေးဆောင်ရကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ များတွင် တယူနစ်ကို ၅၀ ကျပ်သာ ပေးဆောင်ရ ကြောင်း၊ မိသားစု ၆ စု ပိုင်ဆိုင်သည့် မြေဧက ၂၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ထိုမြေများအတွက် မိသားစု တစုလျှင် ကျပ် ၅သိန်းသာ ရရှိကြောင်း၊ ဟင်းလျာအတွက် အားထားရသည့် ငါးများ မျိုးတုံး သေဆုံးသွားပြီး သောက်သုံးရေလည်း အခက်အခဲ ဖြစ်သွားကြောင်း ရေးသားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading