သတင်း

မောင်တောတွင် ဟိန္ဒူ ဘာသာဝင် ၁၇၀၀ ကျော် အကူညီလိုအပ်နေ

Want create site? Find Free WordPress Themes and plugins.

အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရမှုကြောင့် မောင်တောမြို့ပေါ် ရပ်ကွက် ၃ စာသင်ကျောင်းတွင် ဖွင့်လှစ်ထားသည့် ဟိန္ဒူ ကယ်ဆယ်ရေး စခန်းက ဟိန္ဒူဘာသာဝင် ၁၇၀၀ ကျော်မှာ အရေးပေါ် အကူညီလိုအပ်နေကြောင်း ထိုစခန်းတွင် ခိုလှုံနေကြသူများ ထံမှ စုံစမ်းသိရှိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရသူလည်းဖြစ်သည့် ဟိန္ဒူဘာသာဝင် ကိုကျော်ကျော်နိုင် က “အခုကတော့ အစိုးရနဲ့ အဖွဲ့အစည်းတွေက ကူညီပေးထားပါတယ်။ ဆန်တွေ လိုပါတယ်။ နေဖို့ ထိုင်ဖို့နဲ့ အိပ်ရတာ အဆင် မပြေဘူး။ နေရိပ်မရှိတော့ နေပူရင် အရမ်း ဒုက္ခရောက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဟိန္ဒူ ဘာသာဝင်များသည် မောင်တောမြို့ ရပ်ကွက် ၄ တွင် နေထိုင်သူများ ဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်၌ ၎င်းတို့ရပ်ကွက်တွင် အတူနေထိုင်ကြသော ဘင်္ဂါလီ လူမျိုးများက လာရောက် တိုက်ခိုက်ခဲ့သဖြင့် ရွေ့ပြောင်း ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုသည်။

“အကြမ်းဖက်သမားတွေက ကျနော်တို့ အိမ်ကို မီးလာရှို့တယ်။ ဓါးတွေနဲ့ ခုတ်ဖို့ လုပ်တယ်။ တုတ်တွေပါတယ်။ အိမ်နဲ့ ခြံကို ဖျက်စီးပစ်တယ်။ အဲဒါနဲ့ ကျနော်တို့ မနေရဲတော့ဘဲ ထွက်ပြေးလာတာ” ဟု ကိုကျော်ကျော်နိုင် က ပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်၌ ဟိန္ဒူ ဘာသာဝင် များလည်း တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိ သြဂုတ်လ ၃၀ ရက်နေ့အထိ စုစုပေါင်း ၃၀ ကျော် ပျောက်ဆုံးနေပြီး ၈ ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း သိရသည်။

ဟိန္ဒူ ကယ်ဆယ်ရေး စခန်းတွင် ခိုလှုံနေသည့် ဒေါ်မချေ (ခ) ဆင်သော်နတ် ကလည်း “ကျမတို့ကို အကြမ်းဖက် သမားတွေက သေနတ်တွေနဲ့ လာပစ်ပါတယ်။ အခု ခမောင်ဆိပ်မှာ သွားအလုပ်နေတဲ့ ကျမ အစ်ကိုလည်း ဖုန်းအဆက်အသွယ်လည်း မရဘူး။ ဒီနေ့ ကြားတာက အသတ်ခံလိုက်ရပြီ လို့လည်းကြားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သြဂုတ် ၂၆ ရက်နေ့ကလည်း မောင်တောမြို့ ရပ်ကွက် ၄ တွင်နေထိုင်ကြသူ ဟိန္ဒူဘာသာဝင် ၁၂ ဦးမှာ မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာမှ မောင်တောမြို့သို့ ပြန်လာစဉ် မြို့သူကြီးကျေးရွာအနီး၌ အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။

ယင်းတို့ တိုက်ခိုက်ခံရမှုကြောင့် အနီးရှိ ဆောက်လက်စ ခရိုင်တရားရုံးထဲသို့ ဝင်ရောက် ပုန်းခိုနေစဉ် အကြမ်းဖက်သမားများ၏ တိုက်ခိုက် သတ်ဖျက်ခြင်းကို ခံခဲ့ရပြီး ၆ ဦးသေဆုံးခဲ့ရသည်။

တကြော့ပြန် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မောင်တောမြို့ပေါ်တွင် သာသနာ့ဗိမာန်ဓမ္မာရုံ၊ ရပ်ကွက် ၃ စာသင်ကျောင်း ၊ ၄ မိုင် စသည့်နေရာများတွင် ဒုက္ခသည်စခန်းများကို ဖွင့်လှစ်ထားရှိကာ လက်ရှိအချိန်တွင် ဒုက္ခသည် စုစုပေါင်း၅၀၀၀ ကျော်ရှိကြောင်း စုံစမ်းသိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading