သတင်း

ရခိုင်အရေး ကာလုံ အစည်းအဝေးခေါ်၍ တပ်မတော်အား စီမံခွင့်ပေးရန် မျိုးချစ်များတောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသောအကြမ်းဖက်မှုများ လုံးဝကင်းရှင်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကို အစည်းဝေးအမြန် ခေါ်ယူပြီး ဘူးသီးတောင်၊ မောင်တောဒေသ လုံခြုံငြိမ်းချမ်းသည်အထိ တပ်မတော်အားစီမံခွင့်ပေးရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ မျိုးချစ်အမည်ခံများက တောင်းဆိုလိုက်သည်။

အဆိုပါ မျိုးချစ်အမည်ခံ သံဃာများနှင့် လူပုဂ္ဂိုလ်အချို့ က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ၏ အစီရင်ခံစာအား ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ်မှ အကြမ်းဖက် အစွန်းရောက် ဘင်္ဂါလီတို့၏ လုပ်ရပ်များအား ဆန့်ကျင်ရှုတ်ချပွဲကို သြဂုတ် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး ထိုပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုကို ရှုတ်ချကြောင်း၊ ကိုဖီအာနန်၏ အစီရင်ခံစာကို ကန့်ကွက်ကြောင်းနှင့် အကြမ်းဖက်မှုများကင်းရှင်းရေးအတွက် ကာလုံ အစည်းအဝေး ခေါ်ယူပေးရန် အတွက် ထိုပွဲသို့ တက်ရောက်ခဲ့သည့် ဆရာတော် ဦးဝီရသူ (အရှင်ဝိစိတ္တာဘိဝံသ)၊ အမတ်ဒိန်နှင့် ဦးကျော်သူငြိမ်း တို့က ဟောပြောခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။

ဆရာတော် ဦးဝီရသူ က “မောင်တောမြို့ကြီးကို လွှဲပြောင်းပေးလိုက်ပါ။ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းလိုက်ပါ။ ကြေညာလိုက်ပါ။ နန္ဒောပနန္ဒ (နဂါးမင်း) ကို ဆုံးမနိုင်တာ ရှင်မောဂ္ဂလာန်ပဲဖြစ်သလို ဘင်္ဂါလီကို ဆုံးမနိုင်တာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တယောက်တည်း ရှိတယ်။ ရှင်မောဂ္ဂလာန်ဟာ နဂါးရဲ့ ဟိုဘက်နား ဒီဘက်နား ဝင်ထွက် သွားလာနိုင်သလို ရွာရဲ့ဟိုဘက် ဒီဘက်ဘင်္ဂါလီရွာတွေကို ထိုးဖောက် နိုင်တာလည်း တပ်ပဲရှိတယ်။ ရှင်မောဂ္ဂလာန်ဟာနဂါးရဲ့ဗိုက်ထဲကိုစင်္ကြန်လျှောက်နိုင်သလိုအဲဒီဘင်္ဂါလီတောင်တန်းတွေပေါ် စင်္ကြန် လျှောက်နိုင် တာလည်း စစ်တပ်ပဲရှိတယ်” ဟု မိန့်ကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီးဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကိုထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်ရာ လူအုပ်စုဖြင့် အကြမ်းဖက်ခံနေရသည့် မောင်တော ဒေသသည် ယင်းအခြေ အနေကို လိုအပ်နေပြီ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး က ယမန်နေ့က နေပြည်တော်၌ မီဒီယာများသို့ ပြောဆိုခဲ့သည်။

မျိုးချစ်များထုတ်ပြန်သည့် ကြေညာချက်တွင် အစွန်းရောက် အကြမ်းဖက်သမားများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အုပ်စု၊ အကြမ်းဖက်ဝါဒ မြန်မာ့မြေတွင် ကင်းရှင်းသွားသည်အထိ မြန်မာ့တပ်မတော်နှင့်အတူ ပြည်သူ့စစ်အဖြစ် ကျရာနေရာမှ ပါဝင်တိုက်ခိုက် ရှင်းသွားမည်ဟု လည်းဖော်ပြထားသည်။

“ကျနော်တို့ အခုအဖွဲ့မှာ လာရောက်ကြတဲ့ မျိုးချစ် ညီအစ်ကိုများရော တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ မျိုးချစ်ညီအစ်ကိုများ အားလုံးဟာ တကယ်လို့များ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ တပ်မတော်ကိုသာ တာဝန်မပေးဘူးဆိုရင် ရရာလက်နက်စွဲပြီး တိုက်ခိုက်မယ်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျင်းပရေး ကော်မတီမှ ဦးရဲစိုးကပြောသည်။

ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ တင်သွင်းသောအပြီးသတ် အစီရင်ခံစာပါ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင်ရန် အဆိုပြုချက်သည် အကြံပေးကော်မရှင်၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ နိုင်ငံတခု၏ ဥပဒေပြုမှု အာဏာကို စွက်ဖက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ဆက်လက်၍ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေသည် နိုင်ငံ၏တည် ဆဲဥပဒေဖြစ်ပြီး နိုင်ငံ၏ လုံခြုံရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်ခြင်း ကြောင့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကိုပြင်ဆင်ရန် သို့မဟုတ် ပြောင်းလဲရန် အကြံပြုခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ဦးကျော်သူငြိမ်း က “ဆူးလေဘုရားနဲ့ လွတ်လပ်ရေး ကျောက်တိုက်ကြီးနဲ့ မြို့တော်ခန်းမကြီး တိုင်တည်ပြီး ကျနော်သစ္စာ ဆိုလိုက်မယ်။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ကျုပ်တို့မြန်မာပြည်သူတွေက အသက်နဲ့လဲပြီးကာကွယ်သွားမယ်” ဟုပြောဆိုသည်။

မျိုးချစ်များ၏ ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ အပါအဝင် မည်သည့် နိုင်ငံ၏ ဖိအားပေးမှုကိုမှ လက်မခံဘဲ မိမိကြမ္မာ မိမိဖန်တီးလျက် ရခိုင်အရေးကို အမျိုးသားရေး အမြင်ဖြင့် ဖြေရှင်းရန် နိုင်ငံတော်အစိုးရအား တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ၂၀၁၇ သြဂုတ် ၂၅ ရက်က ရဲကင်း ၃၀ ကို ArakanRohingya Salvation Army (ARSA) အဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုများ တပြိုင်တည်း ပြုလုပ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လဝက အရာရှိ ၁ ဦး၊ ဟိန္ဒူဘာသာဝင် ၆ ဦးတို့ သေဆုံးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading