မကြာသေးမီက တိုက်ခိုက်မှုများကြောင့် မြို့နယ် ၃ ခုမှ ထွက်ပြေးလာသူများ ၁၀၀၀၀ ကျော်အထိ ရှိလာသော်လည်း ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ အတွက် ရခိုင်ပြည်နယ် အစိုးရက စခန်းသစ်များ တည်ဆောက်မည် မဟုတ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
ပြည်နယ်အစိုးရသည် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ရခိုင်နှင့် ဟိန္ဒူ ဘာသာဝင်များကို ပြည်နယ် အနှံ့အပြားရှိ ဘေးလွတ်ရာ ယာယီစခန်းများ၊ စစ်တပ်စခန်းများ၊ ဘုန်တော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းပေးနေသည် ဟုလည်း သူက ပြောသည်။
သို့သော် ပြည်နယ်အစိုးရသည် ၎င်းတို့၏ ဒေသများတွင် အခြအနေ ပြန်လည် ကောင်းမွန်သည်နှင့် ၎င်းတို့ကို ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်သည်။
အကြမ်းဖက်သမားများက သြဂုတ်လ ၂၅ ရက်နေ့တွင် ရဲကင်း ရဲစခန်း ၃၀ နှင့် စစ်စခန်းတခုကို အချိန်ကိုက် တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် စစ်သား ၁ ဦးကို သတ်ဖြတ်ခံခဲ့သည်။ ထို တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက်သမား အနည်းဆုံး ၅၉ ဦး သေဆုံးပြီး အကြမ်းဖက် မှုများ ဆက်လက် ဖြစ်ပွားကာ သေဆုံးသူပေါင်း ၁၁၀ ဦး အထိ မြင့်တက်လာသည့်အပြင် ထောင်နှင့်ချီသော ဒေသခံများသည်လည်း နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသည်။
လုံခြုံရေး စိုးရိမ်နေရ
ARSA အကြမ်းဖက်အဖွဲ့က အရပ်သားများကို တိုက်ခိုက်သည် ဟု အစိုးရက ကြေညာပြီးနောက် ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံရုံးက မောင်တောမြို့နယ် တောင်ပိုင်းတွင် ဟိန္ဒူဘာသာဝင် ၆ ဦးကို အကြမ်းဖက် အဖွဲ့များက ပစ်သတ်ခဲ့ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပြီး တနင်္လာနေ့တွင်မူ ဒိုင်းနက်လူမျိုး ၂၂ ဦးကိုလည်း တုတ်၊ ဒါးကိုင် အကြမ်းဖက် သမားများက ရိုက်နှက်ခဲ့သဖြင့် လူ ၆ ဦးသေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာတွင် ကြေညာသည်။
လုံခြုံရေး ယူထားသော စခန်း ၃၆ ခုသို့ ဒေသခံများကို တပ်ဖွဲ့များက ရွှေ့ပြောင်းပေးနေသည် ဟု ဦးတင်မောင်ဆွေ က ဧရာဝတီသတင်းဌာန သို့ ယမန်နေ့က ဖုန်းဖြင့်ပြောသည်။
တချိန်တည်းတွင် ထောင်နှင့်ချီသော ဘင်္ဂါလီလူမျိုးများသည်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ထွက်ပြေးနေကြရကာ အစားအစာ၊ နေရာထိုင်ခင်း၊ ဆေးဝါး ချို့တဲ့မှုနှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ အတင်းအကျပ် ပြန်လည် ပို့ဆောင်ခံရမည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
သတ်မှတ်ထားသော ကယ်ဆယ်ရေး စခန်းများတွင် မွတ်စလင် တယောက်ကိုမျှ အစိုးရဝန်ထမ်းများက မတွေ့ရကြောင်း ဦးတင်မောင်ဆွေ က ပြောသည်။
“သူတို့တွေ အကူအညီ တောင်းလာရင် ကူညီဖို့ အဆင်သင့်ပါပဲ။ သူတို့ ဘာပြစ်မှုမှ မကျုးလွန်ရင် အိမ်နီးချင်း နိုင်ငံကို ထွက်ပြေးစရာ မလိုဘူး။ အပြစ်မဲ့ အရပ်သားတွေကို ကာကွယ်ဖို့ ကျနော်တို့မှာ တတာဝန်ရှိပါတယ်” ဟု လည်း သူက ပြောသည်။
ရိက္ခာပြတ်တောက်မှု
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့သည် မောင်တောမှ ကီလိုမီတာ ၄၀ ကျော်ဝေးသော တောင်ပြိုလက်ဝဲသို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ရခိုင် ၁၀၀၀ ခန့် အတွက် ခေါက်ဆွဲနှင့် ကြက်ဥများ ဝေပေးသည်ဟု တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ ကျောင်းဆရာ ကိုမင်းမင်းဇော် က ဧရာဝတီသို့ပြောသည်။
“ဒီနေ့ အခြေအနေက တည်ငြိမ်နေတယ်၊ ဒါပေမယ့် တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်” ဟုလည်း သူက ပြောသည်။ ဗုဒ္ဓ ဘာသာနှင့် မွတ်စလင်များ အားလုံး ဆိုင်များ ပိတ်ထားသောကြောင့် အစားအစာ ပြတ်လပ်မှု ဖြစ်စေသည် ဟု မောင်တော မြို့နယ် အရေးပေါ် ကော်မတီမှ ကိုသန်းဇော်ဦးက ပြောသည်။
ဟိန္ဒူဘာသာဝင် ၁၄၀၀ အပါအဝင် နေရပ်စွန့်ခွာ ရသူ ၄၀၀၀ တို့သည် မောင်တောမြို့လယ်တွင် ခိုလှုံနေပြီး ထိုအရေအတွက်သည် သူတို့အဖွဲ့ အနေဖြင့် ကူညီနိုင်သော အတိုင်းအတာထက် များစွာ ပိုလွန်နေသည် ဟုလည်း သူက ပြောသည်။
“တခြား ဘာပစ္စည်းမှ မရှိတော့ ဆန်နဲ့ ပဲကိုသာ မှီခိုနေရတယ်။ ပြည်နယ်အစိုးရဆီက ဆန်အိတ်တွေလည်း ရောက် မလာ သေးဘူး” ဟုလည်းသူက ပြောသည်။
ဒေသခံများ၏ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ရိက္ခာ မလုံလောက်မှုကို ဖြည့်ဆည်းရန် ရန်ပုံငွေ အတွက် ရခိုင်ပြည်နယ် ပြည်သူများကို မေတ္တာရပ်ခံထားပြီး အလှူရှင်များက ဒေသခံအဖွဲ့များ၏ ဘဏ်စာရင်းများဖြင့် ပို့ဆောင် ပေးနေသည် ဟု သိရသည်။
အစားအစာ ရိက္ခာ ပေးပို့မှု နှောင့်နှေးသောကြောင့် မောင်တောဒေသ ခံများက အစိုးရကို အပြစ်တင်ပြီး နေရပ်စွန့်ခွာ ထွက်ပြေး လာသူများ အတွက် အစားအစာ သီတင်းပတ် တပတ်စာပင် မရှိတော့ကြောင်း ပြောသည်။ ဧရာဝတီသတင်းဌာန က မောင်တောမှ ဘင်္ဂါလီ သတင်းရင်းမြစ်များနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း သြဂုတ် ၂၈ ရက်နေ့ အထိ မည်သူ့ကိုမျှ ဆက်သွယ်နိုင်ခြင်း မရှိပေ။
လတ်တလော ခွဲဝေပေးရန် ရိက္ခာ ၂ ပတ်စာကို တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်နေကြောင်း ဦးတင်မောင်ဆွေ က ပြောသော်လည်း ပြည်နယ်ဝန်ကြီးချုပ်သည် နေရပ်စွန့်ခွာရသူများ အတွက် ရေရှည်ထောက်ပံ့ရန် စီစဉ်ထားခြင်း ရှိ-မရှိ မေးမြန်ချက်ကို တစုံတရာ ပြောဆိုခြင်း မရှိပေ။
အချို့သူများသည် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပြည်နယ်မြို့တော် စစ်တွေရှိ ဆွေမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေသည် ဟုလည်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ရွာတရွာကို အကြမ်းဖက်သမားများ တိုက်ခိုက်မှုတွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဝန်ထမ်းများ ပါဝင်ခြင်း ရှိ-မရှိ စုံစမ်းစစ်ဆေးနေသည်ဟု အစိုးရက ကြေညာသည်။ ထိုကြေညာချက် ထွက်လာပြီးနောက် သြဂုတ် ၂၇ ရက်၊ တနင်္ဂနွေနေ့တွင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများမှ ဝန်ထမ်း ၁၀၀ နီးပါးသည် ဘူးသီးတောင်မှ မော်တော်ဘုတ်များဖြင့် ပြန်လည် ထွက်ခွာသွားကြသည် ကို တွေ့ရကြောင်း Reuter သတင်းဌာနက ဖော်ပြသည်။
အကြမ်းဖက် စခန်းများမှ သိမ်းဆည်း ရရှိသည်ဟု ဆိုသော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) စာတန်းပါ စွမ်းအားဖြည့် ဘီစကစ်များ၏ ဓာတ်ပုံများကိုလည်း အစိုးရက ပြန်လည် ဖော်ပြခဲ့သည်။
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က တင်းမာမှုလျှော့ချရန် ပြည်နယ်အတွင်းရှိ စခန်း အားလုံးကို ပိတ်ပစ်ရန် အကြံပြုသည့် အတိုင်း အစိုးရသည် လွန်ခဲ့သော ဧပြီလက နေရပ်စွန့်ခွာရသူများ၏ စခန်း ၃ ခုကို ပိတ်ခဲ့သည်။
(ဧရာဝတီ မီဒီယာ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် မိုးမြင့်၏ No New Camps for Displaced People: Rakhine Govt ကို ဘာသာပြန်သည်။)