မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေဆိုင်ရာ နည်းဥပဒေသည် အစိုးရလုပ်ငန်းစဉ် အချို့ကြောင့် ကြန့်ကြာနေသော် လည်း အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ သိရသည်။
မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်၊ မေလကတည်းက ပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ မရှိသဖြင့် ၂ နှစ်ကျော်ကြာ အသက်မဝင်ဘဲ ရှိနေခဲ့ခြင်း ဖြစ်သည်။
ရှေ့နေချုပ်ရုံးက ယင်းဥပဒေကို ၂၀၁၇ ခုနှစ် မေလပိုင်းက ပြန်လည်ပြင်ဆင် ချထားပေးခဲ့သော်လည်း လိုအပ်ချက်များ ရှိနေသဖြင့် မသန်စွမ်းအဖွဲ့များနှင့် ညှိနှိုင်းပြင်ဆင်ကာ ရှေ့နေချုပ်ရုံးသို့ ပြန်လည် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
ဒေါက်တာဝင်းမြတ်အေးက “ကျနော်တို့ ရှေ့နေချုပ်ရုံးနဲ့ အပြန်အလှန် လုပ်နေတာ။ တကယ်တော့ မသန်စွမ်း နည်းဥပဒေ က ထွက်ဖို့ပဲ ရှိတော့တာ။ အကုန်လုံးက အချောသပ်ပြီးသား ထွက်မှာပါ။ ထွက်ဖို့က ရုံးလုပ်ငန်းတွေက တခါတလေ ကြန့်ကြာတယ်။ ရှေ့ချုပ်ရုံးမှာ အလုပ်တွေက ပုံနေတယ်လေ အဲဒါကြောင့်” ဟု ဧရာဝတီကို ပြောသည်။
နည်းဥပဒေတွင် လိုအပ်သည့် အချက်အလက်များကို တိုးခြင်းနှင့် မလိုအပ်သည်များ ပြန်လည်ပြုပြင်ခြင်း စသည့် လုပ်ငန်း စဉ်များ လုပ်ဆောင်နေကြောင်း၊ ထွက်ရှိမည့် ရက်ကို အတိအကျ မပြောနိုင်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(MILI) မှ အကြံပေးပုဂ္ဂိုလ် ဦးနေလင်းစိုးကလည်း “ပြည့်စုံမှုကတော့ အားမရဘူး။ ဆွေးနွေးခွင့် ရခဲ့တဲ့ အချိန်ကလည်း အရမ်းနည်းတယ်။ နောက်တခုက အမြန်ဆုံး ထုတ်ပြန်နိုင်ရေးကို ပိုပြီးတော့ ဦးတည်နေတဲ့အခါမှာ ဆွေးနွေးရတဲ့ အဖွဲ့တွေက အရမ်းများတယ်။ အစ်ကိုတို့ဘက်က အချိန်ယူပြီးတော့ လိုအပ်တာတွေကို မပေးနိုင်ခဲ့ဘူး။ ဒီနည်းဥပဒေမှာ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ မသန်စွမ်းသူများကို ပိုမို၍ ကြည့်ရှု စောင့်ရှောက်နိုင်ရန်၊ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်၊ နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ ရရှိစေရန် စသဖြင့် အဆိုပါဥပဒေ၏ အခန်း ၂ တွင် ရည်ရွယ်ချက် ၉ ချက်ကို ပြဋ္ဌာန်းထားသည်။
၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ အခန်း ၅၊ အပိုဒ် ၂၀ တွင်လည်း မသန်စွမ်း သူတိုင်းသည် အခြားသန်စွမ်းသူများနည်းတူ ပညာသင်ပိုင်ခွင့် ရှိသည်ဟုလည်းကောင်း၊ မသန်စွမ်းသူများက ကျောင်း ဝင်ခွင့် လျှောက်ထားရာတွင် ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်မှတပါး မသန်စွမ်းမှုကို အကြောင်းပြုပြီး ကျောင်းဝင်ခွင့်ကို ငြင်းပယ်ခြင်း မပြုရန် ပြဋ္ဌာန်းထားသည်။