သတင်း

လွှတ်တော် နှင့် အကောက်အယူ လွဲမှားခြင်းသာ ဖြစ်ကြောင်း OMI ရှင်းလင်း

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေ ပြန်လည်ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နှင့် လွှတ်တော် လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သော ပွင့်လင်း မြန်မာ့ရှေ့ဆောင် အဖွဲ့ (OMI) တို့ကြား အကောက် အယူ လွဲခဲ့ကြောင်း OMI ကပြောသည်။

ယနေ့ ရန်ကုန်မြို့ရှိ OMI ရုံးခန်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။

OMI ၏ သုတေသန ဌာန ဒါရိုက်တာ ဦးထင်ကျော်အေးက “တဖက်က ယုတ္တိပိုင်းဆိုင်ရာအရ ထိုင်တယ်။ တဖက်က ဥပဒေ ပိုင်းဆိုင်ရာအရ ထိုင်တယ်။ အဲဒီတော့ နှစ်ဖက် အကောက်အယူ ကွဲလွဲတယ်လို့ ပြောနိုင်တယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရသလဲ ဆိုတော့ ကျနော်တို့ကြား သတင်းစီးဆင်းမှု အားနည်းခဲ့တာကြောင့် ဖြစ်ခဲ့တယ်လို့ ယူဆတယ်” ဟု ပြောသည်။

OMI ၏ ၂၀၁၇ ဇူလိုင်လထုတ် လွှတ်တော်ရေးရာ သုတေသန စာစဉ် အမှတ်(၃) စာမျက်နှာ ၁၇ တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ‘ပျောက်ဆုံးနေသော ဥပဒေ’ တရပ်ဟု ထည့်သွင်း ဖော်ပြခဲ့ခြင်း၊ ယင်းနှင့်စပ်လျဉ်းပြီး မီဒီယာများကို ဖြေကြားခြင်း၊ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် လွှတ်တော်က ပြန်လည်ဖြေရှင်းပေးရန် သြဂုတ် ၂၄ ရက်တွင် OMI သို့ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

အဆိုပါ အကြောင်းကြားစာတွင် OMI အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မှားယွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ မှားယွင်းခဲ့မှုအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ရုံးသို့ တောင်းပန်စာပေးပို့မည်ဟု ရှင်းလင်း ထုတ် ပြန်ပေးရန်နှင့် အထက်ပါအတိုင်း ၇ ရက်အတွင်း ရှင်းလင်းခြင်းမပြုပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပါရှိသည်။

ယင်းသို့ ပြည်ထောင်စု လွှတ်တော်၏ ထုတ်ပြန် ကြေညာချက်အရ OMI မှ တာဝန်ရှိသူများသည် ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့နှင့် သြဂုတ် ၂၉ တွင် သွားရောက်တွေ့ဆုံခဲ့ပြီး လွှတ်တော်၏ ဥပဒေပြုရေးဖြစ်စဉ်အပေါ် OMI ၏ အကောက်အယူများကို ရှင်းလင်း တင်ပြနိုင်မှုကြောင့် နှစ်ဖက် နားလည်မှု ရရှိခဲ့သည်ဟု OMI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လွှတ်တော် ဥက္ကဋ္ဌတွေ နာယကတွေကို သွားရောက်တွေ့ဆုံပြီး ဘာကြောင့် ဒီလို အဓိပ္ပာယ် ကောက်ယူရတယ် ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဒီရှင်းပြချက်အပေါ်မှှာ သူတို့အနေနဲ့ နားလည်လက်ခံတယ် ဆိုတဲ့ အနေအထားမျိုး ရှိပါ တယ်။ ကျနော်တို့ ဘက်ကတော့ လွှတ်တော်နဲ့ဆွေးနွေးခဲ့တဲ့ Result (ရလဒ်) ကိုတော့ အားရကျေနပ်မှု ရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးထင်ကျော်အေးက ပြောသည်။

ဆက်လက်၍ ၎င်းက OMI အနေဖြင့် လွှတ်တော်နှင့်ပတ်သက်သည့် သုတေသနလုပ်ရာတွင် လွှတ်တော် အစည်း အဝေး မှတ်တမ်းများကို အဓိက ကိုးကားပြီး အစည်းအဝေး မှတ်တမ်းတွင်ပါသမျှ လွှတ်တော်ထဲတွင် ပြောသမျှဆိုသမျှ အကြောင်းအရာများကို လွှတ်တော် ဥပဒေ၊ နည်းဥပဒေများဖြင့် စိစစ်သုံးသပ်ကြောင်းလည်း ရှင်းပြသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၅ ရက် လွှတ်တော် အစည်းအဝေး မှတ်တမ်းအရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၁၀၉ ကို အသုံးပြုပြီး အတည်ပြုခဲ့သည်ကို တွေ့ရ သောကြောင့် ဥပဒေအနေဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒါကြောင့် ဒါဟာ ဘာကြောင့် မထုတ်ပြန်သေးတာလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက နောက်ဆုံး ဘယ်ဥပဒေ နဲ့ လည်ပတ်နေသလဲ ဒါကို ကျနော်တို့ လွှတ်တော်လေ့လာ စောင့်ကြည့်ရေး အဖွဲ့တခုအနေနဲ့ အများပြည်သူ သိဖို့လို တယ်။ ဒါဟာ အများပြည်သူရဲ့ဆွေးနွေးမှုတွေထဲမှာ ရှိဖို့လိုတယ်။ ဒါဟာ မေးခွန်းထုတ်ရမယ့် ကိစ္စတခုဖြစ်တယ်ဆိုပြီး မေးခွန်း ထုတ်ခဲ့တာ။ တင်ပြခဲ့တာဖြစ်ပါတယ်” ဟု ဦးထင်ကျော်အေးက ပြောသည်။

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ တွင် နိုင်ငံတော်သမ္မတမှ ဥပဒေအဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန် နိုင်ရန် ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အညီ ပြန်လည်ပေးပို့ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

OMI ၏ ထုတ်ပြန်ချက်တွင် လွှတ်တော် ဥက္ကဋ္ဌများ၏ ရှင်းလင်း ပြောကြားချက်အရ ပထမအကြိမ် လွှတ်တော် သက်တမ်း အတွင်း လွှတ်တော်၌ တင်သွင်း ဆွေးနွေး ဆုံးဖြတ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဆိုင်ရာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမှာ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သော်လည်း မူလဥပဒေအပေါ် သက်ရောက်မှုမရှိသဖြင့် အတည်ပြု ထုတ်ပြန်ရန် မလိုသော ဥပဒေကြမ်းတရပ် ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဖော်ပြ ထားသည်။

ပြည်ထောင်စု လွှတ်တော်၏ OMI သို့ အကြောင်းကြားစာ ပေးပို့မှုနှင့်ပတ်သက်၍ သုတေသန အဖွဲ့တခုအနေဖြင့် မှားနေသည်ဆိုလျှင် ပြန်လည် ရှင်းလင်း ထောက်ပြလိုက်ရုံဖြင့် လုံလောက်ပြီး ယခုလုပ်ရပ်မျိုးသည် သုတေသန အဖွဲ့ အစည်းတခုကို ခြိမ်းခြောက်နေသည့် ပုံစံမျိုးဖြစ်နေ၍ မလုပ်သင့်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်လျက်ရှိ သည်။

“တကယ်တော့ သုတေသန အဖွဲ့အစည်းတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသင့်တယ်။ အပြန်အလှန် မိတ်ဖက် အဖွဲ့ အစည်း တွေအဖြစ်နဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ မြင်တယ်။ လူတွေကို မပြောရဲ မဆိုရဲဖြစ်အောင် လုပ်တာတွေ သိပ်များလာပြီ ဆိုရင်တော့ ဒီမိုကရေစီကို ခြိမ်းခြောက်ခံနေရပြီလို့ပဲ ကျနော်မြင်တယ်” ဟု ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က မှတ်ချက်ပြုသည်။

၂၀၁၃ ခုနှစ်က စတင် ထူထောင်ခဲ့သော OMI သည် လွှတ်တော် စောင့်ကြည့်လေ့လာရေး၊ ဘတ်ဂျက် စောင့်ကြည့် လေ့လာရေး၊ အများပြည်သူ သိခွင့်သိလမ်း ဥပဒေပေါ်ပေါက်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ ဒေသန္တရ အုပ်ချုပ် ရေး၊ အသိပညာ မျှဝေရေး၊ မဲဆန္ဒရှင် ပညာပေး လုပ်ငန်းများကို ဦးတည် လုပ်ကိုင်နေပြီး အစီရင်ခံစာနှင့် သုတေသန စာစောင်ပေါင်း ၁၅ အုပ် ပြုစုထုတ်ဝေပြီးဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading