မလေးရှားနိုင်ငံ၌ တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦးသည် ဒဏ်ရာ ပြင်းထန်သည့် အတွက် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။
ကွာလာလမ်ပူရှိ မလက္ကာအရပ်၌ သြဂုတ်လ ၂၉ ရက်နေ့က လူတစု၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ကိုခွန်ထွန်းကြည် နှင့် ကိုဖုန်းမြင့်နိုင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦး စလုံးသည် ဆေးရုံတွင် ကုသမှု ခံယူ နေဆဲ ဖြစ်ကြောင်း ၎င်းတို့အား သွားရောက် တွေ့ဆုံခဲ့သူ ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှု အသင်း ဥက္ကဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။
ဦးဆန်းဝင်း က “ဈေးဝယ်ပြီး ပြန်အလာမှာ လူတစုက ဝိုင်းပြီး တိုက်ခိုက်ကြတာပါ၊ တယောက်က နဖူးမှာ ၄ လက္မ ၅ လက္မ လောက် ဓားခုတ်ခံရတဲ့ အတွက် အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေရဆဲပါ၊ နောက်တယောက် ကတော့ နည်းနည်း သက်သာနေပါပြီ” ဟုလည်း ဆိုသည်။
အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကိုခွန်ထွန်းကြည်သည် နဖူးဒဏ်ရာတွင် ပြင်းထန်စွာရရှိခဲ့ပြီး ကိုဖုန်းမြင့်အောင်သည် နောက်ကြော၌ ဒဏ်ရာရရှိခဲ့သည်။ ကိုခွန်းထွန်းကြည်သည် ရှမ်းပြည်နယ်မှ ဖြစ်ပြီး ကိုဖုန်းမြင့်အောင်သည် မန္တလေး တိုင်း မှ ဖြစ်ကြောင်း သိရသည်။
မောင်တော ဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်များနှင့် မလေးရှား၌ မြန်မာ ၂ ဦး တိုက်ခိုက်ခံရသည့် အခြေအ နေ များကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အတွက် လုံခြုံမှုမရှိဟု ပြောနိုင်ကြောင်း၊ ထို့ကြောင့် မလေးရောက် မြန်မာများ အနေဖြင့် သွားလာရာ၌ သတိထား၍ နေထိုင်သွားလာကြရန် လိုအပ်ကြောင်း မလေးရောက် မြန်မာလူမှု အဖွဲ့ များက ပြောသည်။
မြန်မာနိုင်ငံသားများ အနေဖြင့် အလုပ်သွား အလုပ်ပြန်ချိန်များမှ အပ အပြင်ထွက်ခြင်း မပြုလုပ်ကြရန်နှင့် သွားလာရာ တွင် လည်း တဦးတယောက်တည်း မသွားဘဲ စုဖွဲ့၍ သွားလာကြရန်အတွက် မြန်မာသံရုံးကလည်း အသိပေး နှိုးဆော် ထား ကြောင်း၊ ကွာလာလမ်ပူရှိ သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးသီဟမောင်မောင် ကလည်း ပြောပြသည်။
၎င်းက “ကိစ္စမရှိရင် အပြင်ကို မထွက်ကြပါနဲ့၊ တကယ်လို့ အလုပ်တွေသွားရင်လည်းပဲ တယောက်တည်း မသွားဘဲ အုပ်စု ဖွဲ့ သွားလာကြဖို့ သံရုံးကလည်း မကြာမကြာ နှိုးဆော်ထားတာ ရှိတယ်၊ လက်ရှိ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တော့ သံရုံးက တဆင့် သတင်းထုတ်ပြန်လိုက်ရင် စိုးရိမ်ထိတ်လန့်မှုတွေ ပိုမိုဆိုးသွားမှာစိုးလို့ မထုတ်ပြန်သေးတာပါ၊ လိုအပ်ရင်တော့ တာဝန်ရှိသူတွေက အသိပေးဖို့ရှိပါတယ်” ဟု ဆိုသည်။
ထိုအကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တရားခံတဦးအား ဖမ်းဆီး အရေးယူထားကြောင်း၊ ဆေးဝါး ကုသမှု ခံယူနေသည့် မြန်မာ နှစ်ဦးအတွက်လည်း သံရုံး တာဝန်ရှိသူများနှင့် လူမှုအဖွဲ့များက ကူညီဆောင်ရွက် ပေးနေကြောင်း လည်း ဦးသီဟမောင်မောင် က ပြောသည်။
မောင်တောဒေသ၌ ဘင်္ဂါလီ အကြမ်းဖက်မှုများနှင့် ဆက်စပ်၍ မလေးရှား နိုင်ငံရောက် မွတ်စလင်များက ကွာလာ လမ် ပူ ရှိ မြန်မာသံရုံးရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ က ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံသား များအတွက် လုံခြုံရေး ပိုမို စိုးရိမ်ရကြောင်း၊ မလေးရောက် စက်ရုံအလုပ်သမား တဦးဖြစ်သူ ကိုထွန်းဝင်း က ဧရာဝတီ ကို ပြော သည်။
ထို့အတူ မောင်တောဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား အစွန်းရောက် လူတစုက လုပ်ဆောင်ခြင်းအား ဘင်္ဂါလီ လူမျိုးများအား မြန်မာလုံခြုံရေးများက ညှဉ်းပန်းနှိပ်စက်သည့် ပုံသဏ္ဍာန်ဖြစ်အောင် လှုံ့ဆော်မှုများကြောင့် ပိုမို စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်ဟုလည်း ကိုထွန်းဝင်း က ပြောဆိုသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရခိုင်ပဋိပက္ခများ၊ မိထ္ထိလာပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မလေးရှားနိုင်ငံ၌ မြန်မာ နိုင်ငံသားများအား အကြမ်းဖက် တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ဦးရေလည်း ဆယ်ဂဏန်း ရှိခဲ့သည်။
မလေးရှားနိုင်ငံ၌ မြန်မာ အလုပ်သမား ၅ သိန်း ဝန်းကျင်ရှိပြီး တရားဝင် ဦးရေမှာ တသိန်း ကိုးသောင်းကျော် ရှိ ကြောင်း မြန်မာအစိုးရ က ထုတ်ပြန်ထားသည်။