သတင်း

နိုင်ငံတကာ အကူအညီများက အကြမ်းဖက်များကို အားပေးနေသည်ဟု အစိုးရ၏ ပြောကြားချက် အမေရိကန် သံအမတ် လက်မခံ

Want create site? Find Free WordPress Themes and plugins.

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များသည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ARSA အကြမ်းဖက် အဖွဲ့ကို ထောက်ခံ အားပေးနေသည်ဟု မြန်မာအစိုးရ၏ ရည်ညွန်း ပြောကြားချက်များကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့ မာရှယ် (Scot Marciel) က ကြာသာပတေးနေ့ တွင် ပယ်ချလိုက် သည်။

“USAID ဒါမှ မဟုတ် တခြား အမေရိကန် အစိုးအေဂျင်စီတခုခုက ကျနော်တို့ ရှုတ်ချထားတဲ့ ARSA အကြမ်းဖက် အဖွဲ့ကို ထောက်ခံကူညီနေတယ် ဆိုတဲ့ သဘောမျိုး ပြောဆိုတာဟာ ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး” ဟု စကော့ မာရှယ် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ လုပ်နေတဲ့ ဘယ်အရာမဆို၊ ရှေ့ဆက်လုပ်မယ့် ဘယ်အရာမဆိုဟာ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု တည်ဆောက်ရေး အားထုတ်မှုတွေကို ထောက်ခံကူညီဖို့သာ ဖြစ်ပါတယ်” ဟုပြောပြီး ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ အမေရိကန်သံရုံးသည် အစိုးရနှင့် ဆွေးနွေးပြီး ဖြစ်သည် ဟု ဆိုသည်။

ARSA အကြမ်းဖက် အဖွဲ့က သောကြာနေ့တွင် ရဲ တပ်ဖွဲ့နှင့် တပ်မတော် စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော် က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ဆင်ရေးကြီးများ လုပ်ကိုင်သောအခါ အကြမ်းဖက် စခန်းများဟု သံသယရှိသော နေရာများတွင် အကူအညီပေးရေး အဖွဲ့များ၏ ကယ်ဆယ်ရေးပစ္စည်းများကို တွေ့ရသည်ဟု မြန်မာအစိုးရက ကြေညာချက် အများအပြားတွင် ဖော်ပြခဲ့သည်။

ထို တိုက်ခိုက်မှုများနှင့် ဆက်လက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး အပါအဝင် လူ ၁၀၀ ကျော်သေဆုံးကာ လူထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အတည်ပြုထားပြီး ဖြစ်သည်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ ဟု ခေါ်သူ ၁၈၀၀၀ ခန့်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသည် ဟု နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့ (IMO) က ဗုဒ္ဓဟူးနေ့တွင် ခန့်မှန်းခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပေးပို့သော စွမ်းအားဖြည့် ဘီစကစ်များနှင့် USAID တံဆိပ်ပါသော ဆန်အိတ် များကို မောင်တောမြို့နယ် ကြီးကျွန်းရှိ အကြမ်းဖက်စခန်း ဟု သံသယရှိသော နေရာများတွင် တနင်္လာနေ့က တွေ့ခဲ့ရ သည်ဟု အစိုးရ၏ သတင်းထုတ်ပြန်ရေး ကော်မတီက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

စစ်သွေးကြွများသည် အကူအညီပေးရေး အဖွဲ့များထံမှ ရရှိသော အမိုးနီးယား နိုက်ထရိတ် ဓာတ်မြေသြဇာများနှင့် သံပိုက် များဖြင့် လက်လုပ်မိုင်းများ ပြုလုပ်သည်ဟု ရဲမှူးချုပ် ဝင်းထွန်းက အင်္ဂါနေ့က အမျိုးသားလုံခြံရေး အကြံပေး ဦးသောင်းထွန်း ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသော်လည်း မည်သည့် အကူအညီပေးရေးအဖွဲ့ ဖြစ်သည်နှင့် ထိုပစ္စည်းများကို စစ်သွေးကြွများ မည်သို့ ရရှိသည်ကို ပြောကြားခြင်း မရှိပေ။

WFP အမှတ်တံဆိပ်ပါ အစားအသောက်များ၏ ဓာတ်ပုံများကို သတိထားမိကြောင်းနှင့် ထို အစားအသောက်များ စစ်သွေး ကြွများလက်သို့ မည်သို့ ရောက်ရှိသည်ကို ခြေရာခံ လိုက်နိုင်ရန် ထပ်မံ စုံစမ်းစစ်ဆေးရန် မြန်မာအာဏာပိုင်များ ထံမှ အချက် အလက်များ တောင်းခံထားသည် ဟု WFP က ကြာသပတေးနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထား သည်။

“WFP သည် ထိုအစားအစာများ လမ်းလွှဲ ရောက်ရှိခြင်းနှင့် ပတ်သက်သော စွပ်စွဲချက်များကို အလေးအနက်ထား ကိုင် တွယ် နေပြီး လိုအပ်သော မိသားစုများ အတွက် အစားအစာ အကူအညီများကို အခြားနေရာများတွင် အသုံးပြုခြင်းကို ခိုးယူမှု အဖြစ် သတ်မှတ်ကြောင်း” ထို ကြေညာချက်တွင် ဖော်ပြထားသည်။

အခြေအနေ မတည်ငြိမ်ဘဲ သတင်းအချက်အလက် ရရန် ခက်ခဲသောကြောင့် ဆန်အိတ်များ တွေ့ခြင်းကို အတည် မပြု နိုင်ကြောင်းနှင့် အကူအညီများ မည်သို့ လမ်းလွဲ ရောက်ရှိသွားသည်ကို စုံစမ်းစစ်ဆေးရန် မဖြစ်နိုင်ကြောင်း အမေရိကန် သံရုံး ပြောခွင့်ရသူ တဦးက ပြောသည်။

နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများသည် တိုက်ခိုက်မှုများတွင် ပါဝင်သည် သို့မဟုတ် တိုက်ခိုက်မှုများကို ပံ့ပိုး ပေးသည် ဟူသော ပြောဆိုမှုများ အတွက် စိုးရိမ်မကင်းကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး Zeid Ra’ad Al Hussein က ပြောသည်။

“ထိုသို့သော ပြောဆိုချက်များသည် တာဝန်မဲ့ကြောင်းနှင့် နောက်ထပ် အကြမ်းဖက်မှုများ ဖြစ်နိုင်ခြေနှင့် စိုးရိမ်ထိတ်လန့်မှု များကိုသာ တိုးပွားစေသည်” ဟု အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို အထောက်အထားမဲ့ စွပ်စွဲချက်များသည် ထိုအဖွဲများမှ အလုပ်သမားများကို အန္တရာယ် ကျရောက်စေပြီး အရေးပါသော အကူအညီများ ပေးရေးကို အခက်အခဲ ဖြစ်စေမည်ကို လွန်စွာ စိုးရိမ်သည်” ဟု လည်း ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ် မတ်လက ရခိုင်ပြည်နယ်တွင် အကူအညီပေးရေး အေဂျင်စီ ၇၇ ခု ရှိပြီး နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ ၂၈ ခုပါဝင်သည် ဟု မြန်မာနိုင်ငံ သတင်းစီမံခန့်ခွဲမှု အဖွဲ့၏ အဆိုအရ သိရသည်။

တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂနှင့် အခြား အကူအညီပေးရေး အဖွဲ့များသည် အရေးပါမှု နည်းသော အလုပ်သမားများ အားလုံးကို ယခုသီတင်းပတ် အတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားလိုက်သည် ဟု Reuters သတင်းက ဆိုသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခမှ စတင်ပြီး ရခိုင်ပြည်နယ်တွင် အစိုးရမဟုတ်သော အဖွဲ့များကို ဆန့်ကျင်သောစိတ်များ ပျံ့နှံ့နေသည်။ ရခိုင် လူမျိုးများက အကူအညီပေးရေး အဖွဲများသည် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်သူများကို မျက်နှာသာ ပေးသည် ဟု ခံစားကာ ဆန့်ကျင်ကြခြင်း ဖြစ်သည်။

သောကြာနေ့က ဖြစ်ပွားသော အကြမ်းဖက်မှုများကို ကုလသမဂ္ဂနှင့် အခြား သံရုံးများနှင့် အတူ စကော့ မာရှယ် ကလည်း ရှုတ်ချခဲ့ပြီး တရာဥပဒေ စိုးမိုးရေး အတွက် လုံခြုံရေး တပ်ဖွဲ့များသည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မည် ဟူသော အစိုးရ၏ ကြေညာချက်ကိုလည်း ၎င်းက ကြိုဆိုလိုက်သည်။

ကြီးကြပ် စောင့်ကြည့်သူများ၊ အကူအညီပေးရေး အဖွဲ့များနှင့် သတင်းသမားများကို အနှောင်အဖွဲ့ကင်းသော ခရီး သွားလာ ခွင့် ပေးရန်လည်း ၎င်းက တိုက်တွန်း တောင်းဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Rik Glauert ၏ US Ambassador Rejects Govt Implication of Aid Agencies in Rakhine Attacks ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading