မောင်တော မြို့နယ် မြောက်ပိုုင်းရှိ ကြိမ်ချောင်းနှင့် တမန်းသား အပါအဝင် ကျေးရွာတချို့တွင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ရခိုင်၊ သက်နှင့် ဒိုင်းနက် တိုင်းရင်းသားရွာသူ/ရွာသား ၁၂၀၀ ကျော် ပိတ်မိနေကြောင်း စိုးရိမ်နေကြသည့် ထိုဝန်ထမ်းများ ကိုယ်တိုင် က ဧရာဝတီသို့ ပြောဆိုသည်။
၎င်းတို့အား အစိုးရ တာဝန်ရှိသူများက သြဂုတ်လ ၃၁ ရက်နေ့တွင် ရဟတ်ယဉ်ဖြင့် လာရောက် ခေါ်ဆောင်မည်ဟု ပြောဆိုထားသော်လည်း ရောက်မလာသောကြောင့် လုံခြုံရေးအတွက် အလွန်ပင် စိုးရိမ်ပူပန်နေရသည်ဟု ဆိုကြသည်။
ပိတ်မိနေသည့်အထဲမှ အစိုးရ ဝန်ထမ်း တဦးက “ဒီနေ့တော့ ရဟတ်ယာဉ်နဲ့ လာခေါ်မယ် ပြောတယ်။ ယူနီဖောင်းဝတ်ပြီးစောင့်နေဆိုလို့ တနေကုန် စောင့်နေကြတာ ညနေထိတော့ ဘာမှ မလာပါဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
သြဂုတ်လ ၂၅ ရက် အစောပိုင်းတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြီးကတည်းက ကြိမ်ချောင်းနှင့် အနီးနား တိုင်းရင်းသား ရွာများက လူ ၃၀၀ ကျော် ကြိမ်ချောင်းရဲစခန်းတွင် လာရောက်ခိုလှုံနေကြသည်။
ထို့အတူ တမန်းသားရွာတွင်လည်း အနီးနားရှိ ကျေးရွာ ၆ ရွာ မှ လူပေါင်း ၈၈၉ ဦး က တမန်းသားဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြရသည်။
ကြိမ်ချောင်းမှ အစိုးရ ဝန်ထမ်းတဦး က “ပြန်ပြီးဖုန်းဆက်မေးကြည့်တော့ စီစဉ်နေတယ် ပြောတယ်။ တချို့ကတော့ လာခေါ်ပေးမယ်၊ တချို့ကတော့ လာမခေါ်ဘူးလိုု့ အဲလိုဖြစ်နေတယ်လို့ ကြားတယ်။ အခုုချိန်ထိတော့ လာခေါ်မယ့်လူလည်း မရှိပါဘူး” ဟု ဆိုသည်။
၎င်းကပင် ဆက်လက်၍ “ဒီနားမှာက ခဏခဏ သေနတ်တွေ ပစ်တယ်။ မီးရှို့တာတွေ ဖြစ်တယ်။ ခုနကတောင် ရွာထဲကနေ သေနတ်နဲ့ ပစ်တယ်။ ဒီမှာက ရွာထဲမှာတောင် သွားလိုု့မရဘူး။ နေ့ခင်းတောင် သွားလိုု့မရဘူး။ မွတ်ဆလင်ရွာတွေက ပတ်ပတ်လည် ဆိုတော့” ဟု ဧရာဝတီသို့ ကြာသာပတေးနေ့ညက ပြောသည်။
တမန်းသားဘက်တွင် ဒုက္ခသည် အရေအတွက် များနေသော်လည်း လုံခြုံရေးအင်အားမှာ အလွန်ပင် နည်းပါးနေသည့်အတွက် ၎င်းတိုု့ လုံုခြုံရေးအတွက် စိုးရိမ်နေကြောင်း တမန်းသားမှ ဝန်ထမ်းတဦးကလည်း ဆိုသည်။
၎င်းက “အပြင်ကိုုက လုံးဝထွက်လိုု့မရဘူး။ ကားလည်း သွားမရ၊ တံတားတွေကလည်း ပျက်နေတယ်။ မိုင်းတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတိုု့အတွက် အစားအစာအထောက်အပံ့အဖြစ် သြဂုုတ် ၃၀ ရက်နေ့က ရခိုုင်ပြည်နယ် ဝန်ကြီးချုပ်မှ မာမီးခေါက်ဆွဲနှင့် ကြက်ဥတိုု့ လာရောက်ပေးသွားသည်ဟုု ဆိုသည်။
“တနေ့က ဝန်ကြီးချုပ်က မာမီးခေါက်ဆွဲတို့ ကြက်ဥတို့ လာပေးသွားတယ်။ ဒါပေမယ့် အဲဒါက နည်းနည်းလေးရယ်။ ဒီမှာက လူတွေက အများကြီးရယ်နဲ့ မလောက်ပါဘူး။ အရင်က အုပ်ချုပ်ရေးမှူး ဆီမှာ ရှိထားတဲ့ ဆန်နဲ့ ဒီမှာ ဝေငှပီးတော့ စားပီး နေကြတယ်” ဟု ဆိုသည်။
မောင်တောမြို့ တောင်ဘက်ပိုင်း ကျေးရွာများရှိ ဒုုက္ခသည်များကို ဘူးသီးတောင်နှင့် မောင်တော ကယ်ဆယ်ရေးစခန်းများတွင် ကူညီထောက်ပံ့ ပေးထားပြီး၊ ၎င်းတိုု့ထဲမှ လူပေါင်း ၁ ထောင်ကျော်သည် စစ်တွေမြို့သို့ သြဂုတ်လ ၂၈ ရက်ကတည်းက စတင်ရောက်ရှိလာနေကြသည်။