သတင်း

ရှမ်းဒုက္ခသည်စခန်းများကို ရိက္ခာဖြတ်တောက်ခြင်းမပြုရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်တလျှောက်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည် ဦးရေ ၆၂၀၀ နေထိုင်သည့် ဒုက္ခသည် စခန်း ၆ ခုကို စားနပ်ရိက္ခာ ထောက်ပံ့မှု မဖြတ်ရန် နိုင်ငံတကာအဖွဲ့အစည်းများကို ရှမ်းပြည် ဒုက္ခသည်များကော်မတီက တောင်းဆိုုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၆ ခု မှာ ကောင်းမုန်မုန်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ်၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ် နှင့် လွိုင်ကော်ဝမ်း စခန်းတို့သည်။

ထိုစခန်းများရှိ ဒုက္ခသည်များကို ထောက်ပံ့နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ထောက်ပံ့မှုကို လုံးဝရပ်ဆိုင်း လိုက်မည်ဟု ပြောဆိုထားသဖြင့် စားနပ်ရိက္ခာ ထောက်ပံ့မှု မဖြတ်ရန် ရှမ်းပြည် ဒုက္ခသည်များ ကော်မတီက သြဂုတ်လ ၃၀ ရက်တွင် ထုတ်ပြန်ချက် တစောင်ထုတ်ကာ တောင်းဆို လိုက်ခြင်း ဖြစ်သည်။

ကုန်းကျော် ဒုက္ခသည်စခန်း ဥက္ကဌ ဦးလုံးစိုင်းလင်းက ၎င်းတို့ ဒုက္ခသည်စခန်း ၆ ခုကို The Border Consortium (TBC) က စားနပ်ရိက္ခာ ထောက်ပံ့နေပြီး ထောက်ပံ့မှုကို ရပ်ဆိုင်းမည်ဆိုသည့် သတင်းကို ၂၀၁၇ ခုနှစ်၊ နှစ်စပိုင်းတွင် လူကိုယ်တိုင်ဖြင့် လာရောက်ပြောဆိုထားပြီး သြဂုတ်လအတွင်း တကြိမ် စာဖြင့် ထပ်မံပေးပို့လာခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။

ဦးလုံးစိုင်းလင်းက “ရပ်ဆိုင်းမယ်ဆိုတော့ ကျနော်တို့ တအားစိုးရိမ်ပါတယ်။ ဒီဒေသမှာ လုပ်ကိုင်စားသောက်ဖို့ တအား ခက်ပါ တယ်။ နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးပါဘူး။ အလုပ်လုပ်ဖို့ ခက်သလို စိုက်ဖို့ပျိုးဖို့လည်း ခက်တယ်။ မြေ က လုံးဝမရှိဘူး။ ဒါတွေကြောင့် ကျနော်တို့ အရမ်းစိုးရိမ်နေလို့ ဆက်ပြီး ထောက်ပံ့ပေးဖို့ ဆန္ဒထုတ်ဖော် လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်း အဖွဲ့ The Border Consortium (TBC) ကို ဗြိတန်၊ အမေရိက၊ အိုင်ယာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ သြစတေးလျ နှင့် နော်ဝေး နိုင်ငံတို့မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs) များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခြေစိုက်ရုံးဖွင့်လှစ်ထားသည်။

၁၉၈၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင်း ပဋိပက္ခများကြောင့် နေရပ်မှ နယ်စပ်သို့ ထွက်ပြေးလာရသူများကို စားနပ်ရိက္ခာ၊ အမိုးအကာ နှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့များ ပေးလျက် ရှိသည်။

ဦးလံုံးစိုင်းလင်း က “ကျနော်တို့ မူရင်းရွာတွေနားမှာ အရင်က အစိုးရတပ်တွေ၊ UWSA (ဝတပ်ဖွဲ့) တွေ ရှိ တယ်။ ကျနော်တို့ စစ်ဘေးနဲ့ ပြေးရပြီးနောက် သူတို့က နေရာအကုန်ဝင်ယူသွားပြီ။ ကိုယ့်ရပ်ရွာကို ပြန်ဖို့ အခုချိန်က လုံးဝမဖြစ်နိုင်ဘူး။ ဒီမှာ မထောက်ပံ့တော့ဘူး ပြန်ဆိုတာမျိုး လုပ်မယ်ဆိုရင်လည်း လုံးဝ မတရားဘူး” ဟု ပြောသည်။

စစ်ဘေးရှောင်ဒုက္ခသည်များမှာ နေရပ်သို့ ပြန်ရမည်ဆိုပါက ဒုက္ခသည်များ၏ ဆန္ဒကို အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဝိုင်းဝန်း ဆွေးနွေးပေးပြီးမှ လူသားဂုဏ်သိက္ခာနှင့်အညီ ပြန်ပို့စေလိုကြောင်း၊ ထို့ပြင် နေရင်းရွာများတွင် ဝင်ရောက်နေထိုင်နေသည့် တပ်မတော်၊ ပြည်သူ့စစ် နှင့် UWSA တပ်ဖွဲ့ဝင်များ၏ ကိစ္စကိုလည်း ဖြေရှင်းပေးစေလိုသည်ဟု ဆိုသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ကလည်း အစိုးရနှင့် RCSS အကြား အပစ်ရပ်စာချုပ် ချုပ်ဆိုထားသော်လည်း တပ်ပိုင်းဆိုင်ရာ ပဋိပက္ခများ ဆက်လက် ရှိနေသေးသဖြင့် စခန်း ၆ ခုရှိ ဒုက္ခသည်များမှာ နေရပ်သို့ ပြန်နိုင်သည့် အခြေအနေ မရှိသေးကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အလှူရှင်များ က ထောက်ပံ့မှုများကို ဆက်လက်ပေးရန် အကြံပြုသည်ဟု သြဂုတ်လ ၃၀ ရက်က ကြေညာချက်တစောင် ထုတ်ပြန်၍ တိုက်တွန်း ထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်စခန်း ၆ ခုလုံးမှာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးစပ်နေပြီး တောင်ပေါ်များတွင် တည်ရှိသဖြင့် စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးပြုလုပ်ရန်လည်း မြေလွတ် အနည်းငယ်သာ ရှိကြောင်း၊ မြေလွတ်ရှိသည့် နေရာများတွင် သီးပင်စားပင်များ စိုက်ပျိုးသော်လည်း ဒုက္ခသည် စခန်းတခုလုံးကို ထောက်ပံ့ပေးနိုင်သည့် အခြေအနေ မရှိကြောင်း ဖော်ပြထားသည်။

ဒုက္ခသည်များမှာ ထိုင်းနယ်ဘက်သို့ ကူးပြီး ဥယျာဉ်ခြံများတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်ကြ သော်လည်း ရာသီပေါ်သီးနှံ စိုက်ခင်း ရှိချိန်များတွင်သာ အလုပ်ရှိပြီး လုပ်အားခများမှာလည်း ပုံမှန်စိုက်ပျိုးရေး လုပ်သားထက် နိမ့်ကျသည့် လုပ်အားခများကိုသာ ရရှိကြောင်း အချို့ဒုက္ခသည်စခန်းမှ ဒုက္ခသည်များမှာ အလုပ် လုပ်ကိုင်ရန်လည်း အခက်အခဲရှိသည်ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဆိုထားသည်။

RCSS က အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ထိုးထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစု ပင်လုံ အစည်းအဝေးများကို တတ်ရောက်နေသော်လည်း ညီလာခံတွင် နိုင်ငံရေးကိစ္စရပ်များသာ အဓိကထားဆွေးနွေးလျက်ရှိရာ ပဋိပက္ခတွင်း ဒုက္ခသည်ဖြစ်သွားသူများ အရေးကို ဆွေးနွေးခြင်း၊ ဆံုံးဖြတ်ချက် ချခြင်းများ မတွေ့ရသေးပေ။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေး ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့် က “Peace Process ကြီးမှာ ဒါက ဘယ်သူ့ တာဝန်လည်းဆိုတာကို ကွဲကွဲပြားပြား မသိဘူး။ ကျနော်တို့ UPDJC ကလည်း နိုင်ငံရေးဆိုင်ရာ အချက် အလက်တွေကိုပဲ ဆွေးနွေးနေတာ ဖြစ်တယ်။ JMC ကျတော့လည်း စစ်ရေးဆိုင်ရာ အချက်အလက်တွေကို ဆွေးနွေးနေတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေးသည် အစိုးရတွင် တာဝန်ရှိကြောင်း၊ နယ်စပ်ရှိ ဒုက္ခသည်စခန်း များကို နိုင်ငံတကာမှ အလှူငွေများ ဖြတ်တောက်နေပြီဖြစ်သဖြင့် အစိုးရက ထိုဒုက္ခသည်များ နေရပ်ပြန် နိုင်အောင် အစီအစဉ်များ လုပ်ဆောင် ခြင်း ရှိ/မရှိကို မေးခွန်းထုတ်ရမည်ဟု ဦးစိုင်းကျော်ညွှန့်က ဆိုသည်။

၎င်းက ဆက်လက်၍ “ဒီစစ်ဘေး ဒုက္ခသည်တွေကိစ္စကို ဘယ်သူက ကိုင်တွယ်မလဲ ဘယ်သူ့မှာ တာဝန်ရှိသလဲ ။ ဘာပဲ ပြောပြော ဒီ Peace Process မှာ ပါတဲ့ အဖွဲ့အစည်းတွေက တာဝန်မရှိဘူး ဆိုရင်တော့ ကိုယ့်နိုင်ငံအရေးဆိုတော့ နိုင်ငံ တော်အစိုးရမှာ တာဝန်ရှိတယ်ပဲ ရောက်မှာပဲ”ဟု ဆိုသည်။

၂၀၁၇ခုနှစ်၊ မေလ ၅ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ၁၀ကြိမ်မြောက် အစည်း အဝေးအပြီး ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ပေးထားသည့် JMC-U အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကို ဧရာဝတီ က ဒုက္ခသည်များ ပြန်လည်နေရာချထားရေး နှင့် ပတ်သတ်၍ မေးမြန်းရာ ၎င်းက “ဒါ ကျနော်တို့မှာ Mandate မရှိပါဘူး” ဟု ပြန်လည်ဖြေဆိုသည်။

ဧရာဝတီမှ အခြား JMC အဖွဲ့ဝင်အချို့ကို မေးမြန်းသော်လည်း ၎င်းတို့ JMC မှာ စစ်ရေးအရ ပြန်လည် တိုက်ခိုက်မှု မဖြစ်ပွားစေရန် စောင့်ကြည့်ရမည့် တာဝန်ဖြစ်သဖြင့် ဒုက္ခသည်အရေးကိစ္စကို တာဝန်ခံထား ခြင်းမရှိဟု ဖြေဆိုကြသည်။

အောက်တိုဘာလတွင် စားနပ်ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းခံရတော့မည့် ဒုက္ခသည်စခန်း ၆ ခုမှာ တပ်မတော် နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများ ကြောင့် ထွက်ပြေးလာခဲ့ရခြင်း ဖြစ်ပြီး ရှမ်း၊ လားဟူ၊ အာခါ၊ ဝ၊ တအာန်း(ပလောင်)၊ ပအို့ဝ်၊ လီရှော၊ ကရင်နှင့် တရုတ် လူမျိုးများ နေထိုင်ကြသည်။

လွိုင်တိုင်းလျန်းစခန်းကို ၁၉၉၉ ခုနှစ်၊ လွိုင်ကော်ဝမ်းစခန်းကို ၂၀၀၁ ခုနှစ်၊ ကုန်းကျော်စခန်းကို ၂၀၀၂ ခုနှစ်၊ လွိုင်လမ်နှင့် လွိုင်ဆမ်ဆစ် စခန်း ၂ ခုကို ၂၀၀၆ ခုနှစ်၊ ကောင်းမုံမိန်း စခန်းကို ၂၀၀၇ ခုနှစ်တို့တွင် ထိုင်း-မြန်မာ နယ်စပ်တို့တွင် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါစခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ ပဋိပက္ခကြား ရွာမီးရှို့ခံရခြင်း၊ RCSS ကို ထောက်ခံသည်ဟုဆိုကာ ဖမ်းဆီးနှိပ်စက်ခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း စသည့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို ခံကြရသဖြင့် ထွက်ပြေးလာကာ အဆိုပါ ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ကြခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading