သတင်း

ရခိုင်အရေး တပ်မတော် အဆိုမတင်ခဲ့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်သမားများ၏ လုပ်ရပ်များ ထိန်းချုပ်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် အဆိုတင်ခဲ့ခြင်း လုံးဝမရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ယနေ့ လွှတ်တော် တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောသည်။

တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ထံ အကြမ်းဖက်သမားများ ချုပ်ငြိမ်းရေး အစီအမံများ ချမှတ်ပေးရန် တိုက်တွန်းကြောင်း တင်ခဲ့သော်လည်း ဆွေးနွေးခွင့်မရဘဲ ပယ်ချခံခဲ့ရကြောင်း ဗိုလ်ချုပ် သန်းထွဋ်သိန်း၏ ပြောကြားခဲ့မှုအပေါ် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က “ကျနော် ပြောတာကြီးပဲလည်း မယုံပါနဲ့၊ ခင်ဗျားတို့ အချိန်ပေးနိုင်ရင် ကျနော့် ညွန်ချုပ်ဆီမှာ အဆို၊ မေးခွန်း ကို Registation စာအုပ်ကိုပဲ ရက်စွဲအလိုက် သွားကြည့်လိုက်ပါ၊ ရှိလား၊ မရှိလားဆိုတာ၊ ခင်ဗျား ပြောတဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၁ Date တောင်မဟုတ်ပါဘူး၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အစ အဆုံး ပြန်ကြည့်ပြီးပြီ၊ ခင်ဗျားတို့ လည်း ကြားနေတာပဲ၊ အဲ့ဒီလို တပ်မတော်သား ကိုယ်စားလှယ်တွေ အဆိုတင်ထားတာ လုံးဝမရှိပါဘူး”ဟု ပြောသည်။

ပြီးခဲ့သည့်သြဂုတ် ၂၉ ရက်နေ့ တပ်မတော်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အတွင်း အကြမ်း ဖက် မှုများ စတင်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်နှင့် ဒီဇင်ဘာ ၈ ရက်နေ့ အမျိုးသား လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ဘင်္ဂါလီ အကြမ်းဖက်သမားများ ဆက်လက် ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို ခြိမ်းခြောက်သည့် အတွက် အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ၊ နောက်ထပ် မကျူးကျော်နိုင်ရေးအတွက် အကြမ်းဖက်လုပ်ရပ်များ လုံးဝချုပ်ငြိမ်းသည် အထိ လိုအပ်သည့် အစီအမံများ ချမှတ်ပေးရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းသည့် အဆို ၂ ရပ် တင်သွင်းခဲ့သော်လည်း ဆွေးနွေးခွင့်မရဘဲ လွှတ်တော်က ပယ်ချခြင်း ခံခဲ့ရကြောင်း ဗိုလ်ချုပ် သန်းထွဋ်သိန်းက ပြောခဲ့ခြင်း ဖြစ်သည်။

မောင်တောဒေသတွင်း သြဂုတ် ၂၅ ရက်နေ့တွင် ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြည်ထောင်စု လွှတ်တော်တွင် လည်းကောင်း၊ ဦးလှဌေးဝင်းက ပြည်သူ့လွှတ်တော်တွင် လည်းကောင်း အရေးကြီးအဆိုများ တင်သွင်းရန် ကြိုးပမ်းခဲ့သော် လည်း ဆွေးနွေးခွင့် မရခဲ့ကြောင်း ကာယကံရှင် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ပြောသည်။

ဦးလှဌေးဝင်း၏ အရေးကြီးအဆိုနှင့် ပတ်သက်၍ ဦးဝင်းမြင့်က “သူ့အဆို အဓိကတင်တဲ့ ရည်ရွယ်ချက်က ပြည်သူ့ လွှတ်တော် က ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်းစွာရှုတ်ချကြောင်း တင်တာပါ။ အကြမ်းဖက်အဖြစ် ကြေညာတာက ပြင်းထန်စွာရှုတ်ချတာနဲ့ အများကြီး အဆပေါင်းများစွာ ပြင်းပါတယ်၊ ဒါကို လွှတ်တော်က ပြင်းထန်စွာ ရှုတ်ချပါတယ် ဆိုရင် နွားနို့ရေရောသလို လျော့သွားသလိုတောင် ဖြစ်နေပါတယ်”ဟု ရှင်းလင်းပြောကြားသည်။

မောင်တောဒေသတွင်း အကြမ်းဖက် လုပ်ရပ်လုပ်ဆောင်ခဲ့သူများနှင့် ၎င်းတို့အား ပူးပေါင်းသူ၊ ထောက်ပံ့သူ၊ အားပေး ကူညီသူများ အားလုံးကို အကြမ်းဖက် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အစိုးရက သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading