တပ်မတော်မှ တရားစွဲဆိုထားသည့် သတင်းသမားနှင့် လူပုဂ္ဂိုလ် ၈ ဦး အပေါ် စွဲဆိုထားသည့် အမှုများကို ယနေ့မှ စတင် ရုပ်သိမ်းလိုက်ကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းက ဧရာဝတီသို့ အတည်ပြုသည်။
ဗိုလ်ချုပ်အောင်ရဲဝင်းက “တပ်မတော်ဘက်နေ တချို့အမှုတွေကို ကျေအေးလိုက်တယ်။ တချို့ကိုရုပ်သိမ်းလိုက်ပါတယ်။ ဒီနေ့ချက်ချင်း ပြန်လွတ်၊ မလွတ်ကတော့ ဥပဒေကြောင်းအရ process တွေရှိမှာပါ။ အမှုအတိအကျတွေကတော့ ထုတ်ပြန်ပေးပါမယ်” ဟု ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားကို အတူလက်တွဲလုပ်ဆောင်နိုင်ရန် အလို့ငှာ တပ်မတော် အနေဖြင့် ယခင်က ဖြစ်ပျက်ခဲ့မှုများအား သင်ပုန်းချေ၍ သတင်းသမားနှင့် လူပုဂ္ဂိုလ် ၈ ဦးတို့အပေါ် စွဲဆိုထားသည့် အမှုများကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တရားဝင် စာဖြင့် အကြောင်းကြားလာခြင်း ဖြစ်သည်။
တရားစွဲဆိုမှု ရုပ်သိမ်းလိုက်ရာတွင် ဧရာဝတီသတင်းဌာန သတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်၊ DVB သတင်းဌာနမှ ကိုအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင်၊ Eleven မီဒီယာမှ အယ်ဒီတာချုပ် ဦးဝေဖြိုး၊ The Voice နေ့စဉ်သတင်းစာမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ ဗြိတိသျှကိုကိုမောင်တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ သိရသည်။
ထို့အပြင် တပ်မတော်နှင့် တပ်မတော်သားများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုကြောင့်ဟုဆိုကာ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် ဦးထင်ကျော်(ခ) ကျော်ထင်နှင့် တောင်ငူ မြို့နယ်တရားရုံး၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်လှစ်ခဲ့သည့် တောင်ငူ ဗကသဒုတိယဥက္ကဋ္ဌ ဝေယံသိန်း(ခ)ဗစ်တာ ဦးဆောင်သော ကျောင်းသားမျိုးဆက် ကေတုအိုးဝေ တော်လှန်သံချပ်အဖွဲ့တို့ကို တရားစွဲဆိုထားသည့်အမှုများကိုလည်း ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။
TNLA နယ်မြေတွင် ပြုလုပ်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးအထိမ်းအမှတ်နေ့ပွဲသို့ တက်ရောက်သတင်းယူခဲ့သည့် ဧရာဝတီသတင်းဌာနနှင့် DVB သတင်းဌာနမှ သတင်းထောက် ၃ ဦးကို တပ်မတော်က ဇွန် ၂၆ ရက်က ဖမ်းဆီးခဲ့ကာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခဲ့သည်။
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကိုလည်း ကျည်ထောင်စု သစ္စာအမည်ရှိ သရော်စာ ဖော်ပြမှုကြောင့် ဇွန်လဆန်းပိုင်းက သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုခဲ့သည်။ The Daily Eleven မှ အယ်ဒီတာချုပ် ဦးဝေဖြိုးကိုလည်း တိုက်ပွဲတခုအတွင်း တပ်မတော်သား အဖမ်းရသည့် ဓာတ်ပုံကိုသုံးစွဲသည့်ဟုဆိုကာ ၎င်းအဖမ်းခံရသည့် တပ်မတော်သားက လွတ်မြောက်လာပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရလက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် သတင်းမီဒီယာအပေါ် တရား စွဲဆိုမှုမှာ ဇူလိုင် ၃၀ ရက်နေ့ အထိ ၁၀ မှုရှိပြီး တရားရင်ဆိုင်နေရသည့်သတင်းသမား အရေအတွက်မှာ ၁၈ ဦး ရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာသုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။