ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသည့် ဧရာဝတီနှင့် DVB မှ သတင်းထောက်များ အမှု တပ်မတော်က အမှုကျေအေးရုပ်သိမ်းကြောင်း တရားဝင် ထုတ်ပြန်ထားသော်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများ ကျန်နေသေး သဖြင့် စက်တင်ဘာလ ၄ ရက်နေ့ တနင်္လာနေ့ ရောက်မှ လွတ်မြောက်နိုင်ဖွယ်ရှိကြောင်းသိရသည်။
သီပေါမြို့နယ် တရားရုံး၌ စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်သော ၆ ကြိမ်မြောက် ရုံးချိန်းတွင် တပ်မတော်ဘက်က စွဲဆိုထားသည့် အမှု ကျေအေးရုပ်သိမ်းကြောင်းကို တရားလိုဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ ၅၀၃) မှ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး က လာရောက် တင်ပြခဲ့ကြောင်းသိရသည်။
သို့သော်လည်း လုပ်ထုံးလုပ်နည်း အရ တရားလိုရှေ့နေဘက်မှ အမှုကျေအေးရုပ်သိမ်းကြောင်းကို တရားရုံးသို့ တရားဝင် တင်ရန် မပြီးပြတ်သေးခြင်း၊ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ ခံသွားခြင်းတို့ကြောင့် တနင်္လာနေ့သို့ ထပ်မံရုံးချိန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ် တရားရုံးသို့ ရောက်ရှိနေသည့် ဧရာဝတီသတင်းဌာန မြန်မာပိုင်း တာဝန်ခံအယ်ဒီတာ ဦးရဲနည် က “ဒီနေ့ တရားလိုဘက်က ဗိုလ်ကြီးက အမှုကျေအေးကြောင်းတင်တာပေါ့။ ၁၇ (၁) နဲ့ပတ်သက်ပြီးတော့ ၆ ယောက်စလုံးကို ကျေအေးကြောင်း တင်တယ်” ဟု ရှင်းပြသည်။
၎င်းကဆက်၍ “ဒါပေမယ့် တရားရေး စီရင်ထုံးအရ တရားလိုရဲ့ ရှေ့နေက တရားဝင်တင်မှ တရားသူကြီးက ဆုံးဖြတ်ချက် ချလို့ရတာကိုး၊ ဆိုတော့ အဲဒီဟာကို တင်ဖို့အတွက်ကို ဒီနေ့ အချိန်မရှိတဲ့ အတွက်ကြောင့် တနင်္လာနေ့ ချိန်းလိုက်တယ်” ဟု ဦးရဲနည်က ပြောသည်။
ဧရာဝတီသတင်းထောက် ကိုသိန်းဇော် (ခ) လဝီဝမ် နှင့်DVB သတင်းထောက်တွေဖြစ်တဲ့ ဦးအေးနိုင်၊ ကိုပြည့်ဘုန်းနိုင်နှင့် အမှုတွဲ တဦးမှာ ယနေ့ရုံးချိန်းတွင်ပင် အာမခံ ရရှိထားသဖြင့် တနင်္လာနေ့ ရုံးချိန်းကို အပြင်မှနေ၍ သွားရောက်ရင်ဆိုင်ရမည် ဖြစ်သည်။
အဆိုပါအမှုတွဲတွင် စုစုပေါင်း ၆ ဦးဖြစ်ပြီး ၄ ဦးမှာ အာမခံရရှိသော်လည်း ကျန် ၂ ဦးမှာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) အပြင် လိုင်စင်မဲ့ယာဉ်သုံးစွဲမှုနှင့်ပါ ရင်ဆိုင်နေရသူများဖြစ်သဖြင့် အာမခံ မရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
DVB သတင်းထောက် ကိုပြည့်ဘုန်းနိုင် က “အခုလို တပ်မတော်ဘက်က ကျနော်တို့ မီဒီယာတွေကို တရားစွဲဆိုမှု ရုပ်သိမ်းတာ ကတော့ အရမ်းကို ဝမ်းသာစရာပေါ့ဗျာ။ ကျနော်တို့က ကျနော်တို့ အလုပ်ကို လုပ်ပြီးတော့မှ ထောင်ထဲမှာ နေခဲ့ရတာကိုး အခုလို သူတို့ဘက်က (အမှုရုပ်သိမ်း) ဖြစ်လာတဲ့ အတွက် ကျနော်တို့က အရမ်းကိုကြိုဆိုပါတယ်” ဟု တရားရုံး အထွက်တွင် သတင်းမီဒီယာများကို ပြောဆိုသည်။
တရားလိုဖြစ်သည့် တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး က တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစံနစ်ကို တပ်မတော်က ဖော်ဆောင်နေကြောင်း၊ မီဒီယာဆိုသည်မှာလည်း တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နေသူများဖြစ်ကြောင်း ထို့ကြောင့် အကြောင်းကြောင်းကို ထောက်၍ ရေရှည်ပူးပေါင်း ဆောင်ရွက်ရန် အတွက် အပြုသဘောဆောင်သည့် အနေဖြင့် တရားစွဲဆိုမှုကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း တရားရုံးတွင် တင်ပြခဲ့သည်ဟုသိရသည်။
DVB အကြီးတန်း သတင်းထောက် ဦးအေးနိုင် က “ဘာပဲပြောပြော သူ့ (တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး) ရဲ့ ပြောဆိုချက်အရ ဆိုလို့ရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ လမ်းတွေက အပြောနဲ့ အလုပ်နဲ့ ညီမယ်ဆိုလို့ရှိရင်တော့ ပွင့်ပြီလို့ ပြောလို့ရတာပေါ့ဗျာ” ဟု တရားရုံး အတွက်တွင် သတင်းမီဒီယာများကို ပြောဆိုသည်။
ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ကိုလဝီဝမ် ကလည်း “ကျနော်တို့လည်း သတင်းထောက် စတုတ္ထမဏ္ဍိုင်ဆိုတော့ ကျနော်တို့လည်း ဒီမိုကရေစီ၊ ကျနော်တို့နိုင်ငံလည်း ဒီမိုကရေစီ သွားနေတယ်ဆိုတော့ ပူးပေါင်းပြီး အတူတကွလုပ်ကြမယ်။ ဒါတော့ ကောင်းတဲ့ လမ်းစဉ်ပဲ၊ ကောင်းတဲ့ လုပ်ရပ်ပဲလို့ မြင်တယ်။ ဒါကလည်း တကယ့်ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းကို လုပ်လိုက်တာပဲလို့မြင်တယ်” ဟု ပြောဆိုသည်။
၎င်းတို့ အကျဉ်းကျနေချိန်တွင် သတင်းမီဒီယာများ၊ ပြည်သူပြည်သားများနှင့် နိုင်ငံတကာ မှ မိတ်ဆွေများ၏ အားပေးထောက်ခံမှု၊ ဝန်းရံမှုများ မပါလျင် ရပ်တည်ရန် ခက်ခဲနိုင်ကြောင်း ယခုကဲ့သို့ ဝန်ရံပေးခဲ့ကြသဖြင့် ကျေးဇူးတင်ကြောင်း ဦးအေးနိုင်က ပြောသည်။
ဖမ်းဆီးခံ သတင်းထောက်သုံးဦးနှင့် အမှုတွဲ တွင်ပါဝင်သူ စုစုပေါင်း ၆ ဦးမှာ ဇွန်လ ၂၆ ရက်နေက ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေတွင် ပြုလုပ်သည့် မူးယစ် ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ သတင်း သွားရောက် ရယူပြီးအပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။