ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ရဲဘော်မင်းဌေးအား အမှုမမြောက်သဖြင့် တရားသေလွတ်မြောက်ကြောင်း ယနေ့တွင် ဗန်းမော် တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု ကာယကံရှင်ရဲဘော်မင်းဌေးက ဧရာဝတီသို့ ပြောသည်။
ယနေ့တွင် ဗန်းမော်တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်မှု ပြုလုပ်ခဲ့ရာတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ညှိစွန်းမှုမရှိသည့်အတွက် တရားသေ လွတ်မြောက်ကြောင်း အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဖမ်းတာကို ဖမ်းပြီးတော့ အခု ၈ လကျော်မှာ ကျနော်ကို အမိန့်ချတယ်။တရားလို ဘက်က လည်း တရားစွဲဆိုတယ်ဗျာ။ကျနော်ဆီက ဖမ်းဆီးရမိတဲ့ badge တံဆိပ်တွေ၊ badge တံဆိပ်တွေကလည်း ABSDF တံဆိပ်တွေပဲ ဖြစ်တယ်။အဲဒါတွေ တင်တယ်။ နောက် ဓာတ်ပုံတွေပေ့ါဗျာ။ ဓာတ်ပုံက ကျနော် Facebook မှာ တင်တဲ့ ပုံတွေရှိတယ်။ သေနတ်တွေနဲ့ ဓာတ်ပုံရိုက်ထားတာတွေရှိတယ်။အဲဒါတွေနဲ့ သူတို့ကို စွဲချက်တင် တာပေါ့။စွဲချက်တင်တော့ မတရားအသင်းဆက်သွယ်မှုနဲ့မြောက်နေတယ်ဆိုတာပေါ့။” ဟု ရဲဘော်မင်းဌေးက ပြောသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့က မတရားအသင်းကနေ ပယ်ဖျက်ထားပြီးသားဖြစ်တယ်။ NCA စာချုပ်လည်း လက် မှတ်ထိုးထားပြီးသားဖြစ်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် မညှိဘူးဆိုတာ ပြန်ပြီးလျှောက်ထားတယ်။ နှစ်ဖက် ဟိုဘက် ဒီဘက် တရားရင်ဆိုင်တော့ အပြီးသတ်မှာ မတရားအသင်းနဲ့ဆက်သွယ်မှု မမြောက်ဘူးဆိုတဲ့ အချက်အလက်ကို တရားရုံးကနေမှ ချမှတ်လိုက်တာပေါ့။ အပြီးသတ် အမှုကို ရုပ်သိမ်းလိုက်တာပေါ့”ဟု ရှင်းပြသည်။
ရဲဘော်မင်းဌေးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံစစ်ဆေး ရေးဂိတ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက် သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ဗန်းမော်မြို့ရှိ ရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် တရားရင်ဆိုင်ရင် ၂၇ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် ယနေ့ စက်တင်ဘာ ၁ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ရာမှ မတရားအသင်းဆက်သွယ်မှု မမြောက်ကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် ရဲဘော်မင်းဌေးကို လွတ်ပေးခဲ့ကြောင်း သိရသည်။
ရဲဘော်မင်းဌေးက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလအတွင်း တဖက်အား အပြစ် ပုံစံမျိုး သံသယသိပ်မကြီးရန်လိုအပ်ပြီး ယခုလို ဖြစ်နေပါက ငြိမ်းချမ်းရေးကိစ္စတွင် ပါဝင်မလာသေးသော အဖွဲ့အစည်းများ ပြန်လည် ပါလာရန် ခက်ခဲသွားနိုင်ကြောင်း၊ အမှန်တကယ်ငြိမ်းချမ်းရေး ရလိုပါက တချို့သော အရာများကို တပ်မတော်ဘက်မှ လျှော့သင့်သည် ကိစ္စများ လျှော့ပေးသင့်ကြောင်း တိုက်တွန်း ပြောသည်။
ဦးမင်းဌေးသည် ABSDF ၏ ဗဟိုကော်မတီဝင် တဦး ဖြစ်ပြီး ABSDF သည် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက် က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ KNU/KNLA –PC၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ချင်း အမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP တို့နှင့်အတူတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA လက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်သည်။