သတင်း

DJY စက်ရုံ အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်ထုတ်သဖြင့် အလုပ်သမား ရာချီဆန္ဒပြ

လှိုင်သာယာမြို့နယ် စက်မှုဇုန်နယ်မြေရှိ DJY ခြေအိတ်စက်ရုံတွင် အခြေခံ အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အကြောင်းပြချက်မဲ့ အလုပ်ထုတ်လိုက်ပြီးနောက် စက်ရုံအလုပ်သမားရာချီကိုလည်း အလုပ်မှ ထုတ်ပယ်ခဲ့သည့်အပေါ် ပြန်လည်ခန့်အပ်ရန် ယနေ့ မနက်ပိုင်းတွင် အလုပ်သမား ၂၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

တရုတ်- မြန်မာဖက်စပ် လုပ်ကိုင်နေသည့် DIY စက်ရုံမှ အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့ ခေါင်းဆောင်ကို အကြောင်း ပြချက် မရှိဘဲ သြဂုတ် ၇ ရက်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဆန္ဒပြ တောင်းဆိုသည့် အလုပ်သမား ၂၁၈ ဦးကိုလည်း ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ သြဂုတ် ၂၂ ရက်တွင် အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုစိုးသူရကို က “အလုပ်ထုတ်ရတဲ့အကြောင်းရင်းကို သူတို့ဘက်က ခိုင်လုံမှု မရှိတော့ အလုပ်သမားအဖွဲ့အစည်းကို တမင်ရည်ရွက်ချက်ရှိရှိ ပျက်စီးအောင် ဖျက်ဆီးသလိုဖြစ်နေတယ်။ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းပြီဆိုရင် အလုပ်သမား ဝန်ကြီးဌာနမှာ မှတ်ပုံတင်တင်တယ်။ ခေါင်းဆောင်ကို အလုပ်ထုတ်လိုက်တော့ မှတ်ပုံတင်တဲ့ နေရာမှာလည်း အခက်အခဲဖြစ်တဲ့အတွက် အလုပ်ပြန်ရဖို့လည်း တောင်းဆိုတယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ DJY စက်ရုံအလုပ်သမားများက အလုပ်ရှင်သည် တည်ဆဲအလုပ်သမား ဥပဒေများကို မလိုက်နာခြင်း၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းမည့်လုပ်ငန်းစဉ်ပျက်ပြားစေရန်ဆောင်ရွက်ခြင်း၊ILO ကွန်ဗင်းရှင်းအချက် ၈၇၊ ၉၈ တို့ကိုလေးစားလိုက်နာမှုမရှိခြင်း တို့အပေါ် သြဂုတ် ၇ ရက်ကတည်းက ဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက် ယနေ့တွင် တရားဝင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“၇ ရက်နေ့ကနေစပြီးတော့ စ တောင်းဆိုခဲ့တယ်။ ဒီနေ့မှ တရားဝင် ဆန္ဒပြတာပါ။ ၂၂ ရက်နေ့မှာ အလုပ်ရှင်ဘက်ကနေ ၂၁၈ ယောက်ကို ထုတ်လိုက်ပါတယ်။ သူက အီးစီးစာချုပ်ကို အကြောင်းပြတယ်။ အီးစီစာချုပ်မှာ ခွင့်မဲ့ ၃ ရက်ဆက်တိုက် အလုပ်ပျက်ရင် အလုပ်ထုတ်တယ်လို့ ယူဆတယ်။ အငြင်းပွားမှု ဖြစ်နေတဲ့ အချိန်မှာ အီးစီစာချုပ်က ယာယီ ပျက်ပြယ်တယ်လို့ ဥပဒေထဲမှာ ပါပြီးသား” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် အလုပ်သမားတဦးက ပြောသည်။

လှိုင်သာယာမြို့နယ် အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေး အလုပ်သမား ကိုယ်စားလှယ် မဝင်းသိင်္ဂီစိုးက ယင်းကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းဆဲဖြစ်ကြောင်း၊ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ အလုပ်ထုတ်၍ မရကြောင်း၊ စက်ရုံပိတ်သိမ်းခြင်းလည်း ပြုလုပ်၍ မရကြောင်း၊ လက်ရှိအခြေအနေအရ ဥပဒေကို ချိုးဖောက်၍ လုပ်ဆောင်မှုကို တွေ့ရကြောင်း ပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းကို ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ဖွဲ့စည်းကာ တရားဝင်မှတ်ပုံတင်ရန် လုပ်ဆောင်နေဆဲတွင် အလုပ်သမားသမဂ္ဂခေါင်းဆောင် ကို အလုပ်မှ ထုတ်ပယ်ပစ်ရာမှ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Loading