လတ်တလော ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ရေးသား ဖော်ပြ နေကြသည့် သတင်းသမားများ အနေဖြင့် အကဲဆတ်သည့် စကားလုံး အသုံးအနှုန်း ရွေးချယ်မှု၊ ဘက်မမျှသည့် ရေးသားမှု၊ ပဋိပက္ခဖြစ်စဉ်ကို ပိုမိုအရှိန်မြင့်စေမည့် လှုှုံ့ဆော်ရေးသားမှုမျိုး မဖြစ်စေရေး အထူး သတိပြုရန် လိုကြောင်း သတင်း မီဒီယာ စောင်ကြည့် လေ့လာသူများက ပြောဆိုကြသည်။
မျက်မြင်ကိစ္စမဟုတ်သော၊ ဖြစ်ပျက်နေသည့် မြေပြင်အထိ ကွင်းဆင်းစုံစမ်းခွင့်မရသော ပဋိပက္ခသတင်းများ ရေးသား ရာတွင် သတင်းသမားများ အနေဖြင့် ပိုမိုသတိပြုရမည်ဖြစ်ပြီး အစိုးရ သို့မဟုတ် အစုအဖွဲ့တခုခု၏ ထုတ်ပြန်ချက်ပါ စကားလုံး အသုံးအနှုန်းများကိုသာ ကိုးကား အသုံးမပြုသင့်ကြောင်း မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ၏ အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။
“သတင်းစာဆရာက အမှန်တရားကို နီးစပ်စေချင်တယ် ဆိုရင်တော့ အစိုးရ ထုတ်ပြန်တိုင်းလည်း ယုံလို့မရတဲ့ အချက် တွေ အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ မျက်မြင်ကိစ္စ မဟုတ်ဘဲ ပြောရဆိုရ ခက်တယ်။ အစိုးရဆိုတာလည်း နိုင်ငံရေးရဲ့ အစုအဖွဲ့တဖွဲ့ပဲ။ ဒါမျိုးလေးတွေ ပြန်လည်စစ်ဆေးပြီး တင်ပြရမယ့်တာဝန်က သတင်းစာ ဆရာတွေမှာ ရှိ တယ်။ အဲဒါတွေကိုလည်း ကျန်တဲ့ဒေသခံ လူထုကလည်း ကူညီဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက အမှန်တကယ် ဖြစ်ပျက်နေသည့် အောက်ခြေကို သတင်းစာ ဆရာများက သေချာစုံစမ်း ထောက် လှမ်းခွင့် မရခြင်း၊ စကားလုံး အသုံးအနှုန်းများတွင်ပင် နစ်မြုပ်ပြီးမှ အခြေအနေမှန်ကို မဖော်ထုတ်နိုင်ခြင်း တို့သည် ပြဿနာ ပိုမို ကြီးထွားစေကြောင်း မှတ်ချက်ပြုသည်။
လတ်တလော ဖြစ်ပွားနေသည့် ရခိုုင်အကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဟူသော အသုံးအနှုန်းများက အငြင်း ပွားဖွယ်ရာ ဖြစ်နေသည်ကို တွေ့ရသကဲ့သို့ သတင်းအမှား ဖြန့်ချိနေမှုများကိုလည်း တွေ့ရှိရသည်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့၏ လူမှုကွန်ရက် တရားဝင်စာမျက်နှာတွင် ထုတ်ပြန်ပေးလျက်ရှိရာ “အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ၏ တိုက်ခိုက်မှုကြောင့်”ဟူ၍ သုံးနှုန်း ထုတ်ပြန် ခဲ့သည်ကိုလည်း တွေ့ရ သည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိက ဘင်္ဂါလီအကြမ်းဖက် သမားများ ဆို သော ဝေါဟာရ အသုံးအနှုန်းအတွက် စိုးရိမ်ကြောင်း၊ ထိုအသုံးအနှုန်းကို ကန့်ကွက်သည့် အဆိုကိုလည်း မြန်မာ သံရုံး တာဝန်ခံမှ တဆင့် မြန်မာအစိုးရထံ ပေးပို့ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ရေး ကော်မတီဟု ပြောင်းလဲခဲ့သကဲ့သို့ ARSA အစွန်းရောက် အကြမ်းဖက် သမားများဟုုသာ ပြောင်းလဲ သုံးနှုန်းလာသည်ကို တွေ့ရသည်။
မြန်မာ သတင်းပညာ သိပ္ပံ (MJI) မှ သင်တန်း ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက “ဒီကိစ္စက သတင်းသမားတွေ အတွက် လုပ်ရကိုင်ရ အတော်ခက်တဲ့ ပြဿနာပါ။ ဘယ်လို အသုံးအနှုန်း သုံးမလဲပေါ့။ ရိုဟင်ဂျာ လို့ သုံးတာကို အစိုးရက လက် မခံ။ တပ်မတော်က ဖိအားပေး။ အဲဒါကနေ ရိုဟင်ဂျာလို့ သုံးရင်ကို အမျိုးသား သစ္စာဖောက် ရယ်လို့ ဖြစ်အောင် ပုံဖော်ပစ်လိုက်တာ။ ဘင်္ဂါလီဆိုပြန်တော့ ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လို့ အစိုးရက တောင် မသုံးတော့ဘူး။ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာမှာ နှစ်မျိုးလုံးကို ရှောင်သုံးထားတယ်။ ခက်နေတာ အမှန် ပဲ။ ဘယ်လို သုံးသင့် တယ် ဆိုတာ သတင်းတိုက်အလိုက် ဆုံးဖြတ်လုပ်ကိုင်ရမယ် ထင်တယ်။ တိုက်ရဲ့ မူဝါဒပေါ့” ဟု ပြောသည်။
ဘာသာရေး၊ လူမျိုးရေးကို တွဲတွဲပြီး ပြောခြင်းသည် ပဋိပက္ခကို ကျယ်ပြန့်မှု ဖြစ်စေတတ်သည့် အန္တရာယ် ရှိကြောင်း၊ သတင်း သမားများ အနေဖြင့် လုံးဝ လွတ်ရန် ရေး၍ မရနိုင်ကြောင်းကို စာဖတ်သူများအား ရှင်းပြရန်လိုအပ်ပြီး ထိုမှ တဆင့် သမာသမတ်ကျကျ ရေးမည်ဆိုပါက အများစုက မကြိုက်လျှင်တောင် လက်ခံမည်ဟု ထင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်ကလည်း ပဋိပက္ခဖြစ်စဉ်များ အတွင်း အကဲဆတ်သည့် အသုံး အနှုန်း များကို သတိထားရမည် ဖြစ်သကဲ့သို့ မည်သည့် ကိစ္စတွင်မဆို အစိုးရ၏ အသုံးအနှုန်းများကို မီဒီယာ ကျင့်ဝတ် နှင့် အညီ သုံးသင့်သုံးထိုက်မှသာ အသုံးပြုရန် ဆုံးဖြတ်သင့်ကြောင်း၊ သတင်း ဌာနတိုင်းတွင် အယ်ဒီတာ၊ အတွေ့ အကြုံ ရှိ သတင်းသမားများ အားလုံး ဆွေးနွေး ဆုံးဖြတ်ထားသည့် တိုက်ပိုင် မူဝါဒကိုသာ သုံးသင့်ကြောင်း အကြံပြု သည်။
ဆက်လက်၍ ၎င်းက ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က နိုုင်ငံပိုင် မီဒီယာတခု၏ သတင်းရေးသား ဖော်ပြမှုတွင် ပြစ်မှုတခုကို လူမျိုးရေး ဘာသာရေးဆန်သည့် အသုံးအနှုန်းမျိုး သုံးမိရာမှ ပိုမိုလှုံ့ဆော်သကဲ့သို့ ဖြစ်သွားပြီး ပြဿနာပိုမိုကြီး သွား သည့် သာဓက ရှိခဲ့ကြောင်း၊ နောက်တရက်တွင် အသုံးအနှုန်း မှားယွင်းမှုကို ပြင်ဆင်ခဲ့သော်လည်း ဖြစ်စဉ်အပေါ် သက်ရောက်မှု အတော်အတန် ဖြစ်သွားခဲ့ကြောင်း ရှင်းပြသည်။
“တချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေမှာတော့ သူတို့အဖွဲ့ကိုယ်နှိုက်က ဘာသာရေးကို အခြေခံထားတဲ့ အဖွဲ့ အစည်း ပါဆိုတဲ့ ကြေညာထားတဲ့ အဖွဲ့အစည်းရှိတယ်။ အဲဒီလိုမျိုးမှာ ဒီလိုသုံးနှုန်းတာ မီဒီယာအနေနဲ့ သဘာဝကျ တယ်။ အဲဒီလို မဟုတ်ဘဲ တခြားသော ရည်ရွယ်ချက်နဲ့ တယောက်ယောက်က တံဆိပ်တပ်ပြီး ခေါ်ဝေါ်တဲ့ဟာကျတော့ အရမ်းသတိထားရမယ့် အချက်အလက်လို့ မြင်တယ်။ ဘယ်သူက ခေါ်ဝေါ်တာလဲ။ ဘာကြောင့် ခေါ်ဝေါ်တာလဲ ဆိုတာ တော့ ထည့်သွင်း စဉ်းစားသင့်တယ်” ဟုလည်း ဦးမြင့်ကျော်က ပြောသည်။
ဦးဇေယျာလှိုင်က ၎င်းတဦးတည်း အနေဖြင့်ဆိုလျှင် နိုင်ငံတကာက ရိုဟင်ဂျာဟု ခေါ်ကြပြီး ပြည်တွင်း သို့မဟုတ် မြန်မာအစိုးရက ဘင်္ဂါလီဟုခေါ်ကြောင်း၊ အဘယ်ကြောင့် ထိုသို့ခေါ်ရသလဲ ဆိုသည်ကိုမူ ရှင်းပြချက် ထည့်ပေးရန် လိုအပ်ကြောင်း၊ ယင်းသို့ ရေးသား ဖော်ပြခြင်းဖြင့် ပြဿနာအားလုံး ပြေလည်သွားမည်ဟု မယူဆသော်လည်း ပိုမို ကြီးထွားမသွားစေရန် အကူအညီပေးနိုင်မည်ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် လွတ်လပ်စွာ သတင်းရေးသားခွင့် ဆိုသည်နှင့်အတူ သတင်းအမှားများကို ရေးသား၍ ဝါဒဖြန့် နေမှုများ ရှိလာခြင်းက ပဋိပက္ခများ ဖြစ်ပွားရန် လုပ်ဆောင်နေကြောင်း၊ အမုုန်းစကားအဖြစ် ရေးသားနေခြင်းများ များပြား လာခြင်းကြောင့် တရားဝင် သတင်းမီဒီယာများအပေါ် ထိခိုက်လာပြီး လူထုထံ သတင်းအမှားများ ရောက်ရှိနိုင် ကြောင်း၊ ယင်းတို့ကို တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက Media Monitoring ကော်မတီ တခု ဖွဲ့စည်း ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။