သတင်း

AA ကို တိုက်ခိုက် ချေမှုန်းသွားမည်ဟု တပ်မတော်ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းတခုကို အလစ်အငိုက်ယူ၍ ချောင်းမြောင်းပစ်ခတ်ခဲ့သည့် ရက္ခိုင့်တပ်မတော် (AA) ကို လက်တုန့်ပြန် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း တပ်မတော်က သဘောထား ကြေညာချက်တရပ် စက်တင်ဘာ ၁ ရက် နေ့က ထုတ်ပြန်လိုက်သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၂၅ ရက်နေ့က စတင်၍ တကြော့ပြန် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်းရေး ဆောင်ရွက်နေချိန် တပ်မတော် စစ်ကြောင်းအား AA မှ သြဂုတ်လ ၃၁ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုထုတ်ပြန်ချက်တွင် “တပ်မတော်မှ ပြင်းထန်စွာပြစ်တင် ရှုတ်ချသည့်အပြင် ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်” ဟု ဖော်ပြထားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထိုထုတ်ပြန်ချက်တွင် AA အဖွဲ့မှ ယင်းကဲ့သို့ အလစ်အငိုက်ယူ၍ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် တပ်မတော် စစ်ကြောင်းမှ အရာရှိ၊ စစ်သည် အချို့ ကျဆုံးခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

AA လှုပ်ရှားတပ်ရင်း အမှတ် ၂၁၄ နှင့် တပ်မတော်စစ်ကြောင်း ခမရ ၅၆၆ တို့အကြား ကုလားတန်မြစ် အနောက်ဘက် အခြမ်း ကန်သရက်တောင်တန်းတွင် သြဂုတ်လ ၃၁ ရက်နေ့ က ၎င်းတို့ လှုပ်ရှားရာနယ်မြေသို့ တပ်မတော်စစ်ကြောင်းများ ဝင်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA သတင်းပြန်ကြားရေးဌာနကလည်း စက်တင်ဘာ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့အတူ ထိုတိုက်ပွဲ ဖြစ်ပွားရာ နေရာသည် ဘင်္ဂါလီ အကြမ်းဖက်မှုများဖြစ်ပွားနေသည့် မောင်တော၊ ဘူးသီးတောင် ဒေသက နေရာများနှင့် ကီလိုမီတာ ၉၀၊ မိုင်အားဖြင့် ၅၆ မိုင် ကွာဝေးပြီး တောင်ကုန်းတောင်တန်းများ ထူထပ်ပြီး၊ လျှိုမြောင်များ ပေါသဖြင့် ခြေလျင်သွားလျင်ပင် ၇ ရက်မှ ၁၀ ရက်ထိ ကြာမြင့်နိုင်သည်ဟု ဆိုသည်။

တနာရီခန့်အကြာ ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်မှ ၆ ဦးကျဆုံးခဲ့ပြီး MA -ချေမှုန်းရေး ရိုင်ဖယ် ၄ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ ၁ လက်၊ MA-2 စစ်သေနတ် ၁ လက်၊ MA-4 ၄၀ မမ ဗုံးပစ်လောင်ချာတွဲ ၁ လက်၊ RPG အသီး၊ ၄၀- မမ လောင်ချာ အသီးများ၊ ၅.၅၆ ကျည်ဆံများ၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် ခဲယမ်းမီးကျောက် အများအပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

AA သတင်းပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် “မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ် နေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်” ဟု ဖော်ပြထားသည်။

တပ်မတော်က ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များနှင့် ပြဿနာ တက်နေသည့် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင်သာ စစ်ကြောင်းထိုးခြင်းမဟုတ်ဘဲ AA တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ကျောက်တော်၊ ရမ်းချောင်း၊ သီးချောင်းနှင့် ပလက်ဝ မြို့နယ် များတွင်လည်း ဗျူဟာကျကျ စစ်အင်အား တိုးချဲ့လာကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင် က “စစ်ကြောင်း တွေ အများကြီး တိုးလာတယ်။ သူတို့ရဲ့ လှုပ်ရှားမှုက ဘူးသီးတောင်၊ မောင်တော ဘက်မှာပဲ စစ်ရေး လှုပ်ရှားတာ မဟုတ်ဘူး။ ကျနော်တို့ တပ်တွေရှိနေတဲ့ ဒေသတွေကိုပါ စစ်ကြောင်းတွေ အများကြီး တိုးဝင် လာခဲ့တာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုဖြစ်ပွားခဲ့သော နှစ်ဘက်တပ်ရင်းများအကြား ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် AA တို့အကြား ယခုတကြိမ်အပါအဝင် စုစုပေါင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင် ဒေသများတွင် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့များက အကြမ်းဖက် တိုက်ခိုက်မှုများပြုလုပ်နေသည့် တချိန်တည်းမှာဘဲ တပ်မတော်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သလို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) နှင့်လည်း အိန္ဒိယ-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

AA သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော အဖွဲ့ဖြစ်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်ပြီး တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် အဖွဲ့ဝင် အဖြစ်ပါဝင်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading