ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ အင်းများအား ငွေကြေးချမ်းသာသည့် အင်းသားကြီးများ (အင်းလုပ်ငန်းရှင်) လက်ဝယ် ရောက်ရှိအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေးနေသည်ဟုဆိုကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လေးမျက်နှာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နှင့် လေးမျက်နှာ ငါးလုပ်ငန်းဦးစီးဌာနအား ရေလုပ်သား ၁၀၀ ကျော်က ယမန်နေ့က လေးမျက်နှာ မြို့ပေါ်၌ ဒုတိယအကြိမ်မြောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
လေးမျက်နှာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးသိန်းတို့မှာ အင်းများအား မူလတန်ဖိုးထက် ၃ ဆ၊ ၄ ဆခန့် မြှင့်တင်ခဲ့ခြင်း၊ တိုင်းအစိုးရမှ ရေလုပ်သားငယ် အဖွဲ့များကို အင်းများချထားပေးမည့်အပေါ် ရှုပ်ထွေးအောင်ပြုလုပ်၍ အင်းသားကြီးများ လုပ်ကိုင်ခွင့်ရစေရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေခြင်း ပြုလုပ်သည်ဟုဆိုကာဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။
“တိုင်းအစိုးရက ရေလုပ်သားအဖွဲ့တွေစာရင်းကို တင်ပေးပါလို့ပြောတော့ အင်းသားကြီးတွေက ရွာတွေမှာ ချက်ချင်းပဲ ရေလုပ်သားအဖွဲ့တွေ စင်ပြိုင်ကောက်ဖွဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နဲ့ ငါးလုပ်ငန်းဦးစီး ဦးမျိုးသိန်းတို့က အဲဒီအဖွဲ့တွေကို အသိအမှတ်ပြုပြီး မူလဖွဲ့ထားတဲ့ မှတ်ပုံတင်ထားတဲ့ ရေလုပ်သားအစစ်အမှန် အဖွဲ့တွေနဲ့ အင်းသားကြီးအဖွဲ့တွေကို ညှိခိုင်းတယ်။ ညှိနှိုင်းမရရင် လေလံခုံပေါ်တင်မယ် (အင်းကို လေလံပစ်မယ်) လို့ ပြောဆိုပြီး ရေလုပ်သားငယ်လေးတွေရဲ့ ထမင်းအိုးကွဲအောင်၊ အလုပ်အကိုင် မရရှိအောင် လုပ်ကိုင်နေတယ်လို့ ယူဆလို့ ဆန္ဒပြတာပါ”ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဦးထွန်းလင်းက ဧရာဝတီကို ပြောသည်။
လေးမျက်နှာမြို့နယ် မြင်းကုန်း၊ လဟာကြီး၊ ရေဖြူကျေးရွာတို့မှ ရေလုပ်သားများမှာ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးမျိုးသိန်းတို့အား ယခုနှစ် ဇူလိုင်လအတွင်းက ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပြီး ၎င်းတို့ ၂ ဦး၏ ရေလုပ်သားငယ်များနှင့်ပတ်သတ်၍ လုပ်ကိုင်ဆောင်ရွက်မှုများ ပြောင်းလဲခြင်းမရှိသည့်အတွက် ဒုတိယအကြိမ်မြောက် ထပ်မံဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒပြ ရေလုပ်သားများက ပြောသည်။
လေးမျက်နှာမြို့နယ်တွင် ကြေးတိုင်အင်း ၃ အင်း၊ ဘုံစားအင်း ၃ အင်းအပါအဝင် အင်းပေါင်း ၃၀ ရှိကြောင်း သိရသည်။
အင်းပေါင်း ၃၀ အနက် ၁၃ အင်းကို ဒေသခံရေလုပ်သားငယ်အစုအဖွဲ့များအား မူလကြမ်းခင်း ဈေးဖြင့် ချထားပေးရန် အတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့က စီစဉ်နေစဉ် အင်းသားကြီးများ ပါဝင်နေသည့် စင်ပြိုင်ရေလုပ်သားအဖွဲ့များ ပေါ်ပေါက်လာပြီး အင်းများကို ဝင်လုသည့်အတွက် အင်းတစ်ခုတည်းကို ရေလုပ်သားအဖွဲ့ ၂ ဖွဲ့ ၃ ဖွဲ့က လုပ်ကိုင်လိုကြောင်း တောင်းခံသည့်အနေအထားများ ပေါ်ပေါက်နေကြောင်း၊ အဆိုပါအဖွဲ့များအချင်းချင်း ညှိနှိုင်းမရပါက အင်းကိုလေလံပစ်မည်ဟု လေးမျက်နှာမြို့နယ် အင်းတင်ဒါလေလံ ကြီးကြပ်ရေးကော်မတီက ပြောဆိုထားကြောင်း သိရသည်။
“အဲဒီ အင်းသားကြီးတွေက အင်းတွေကို နှစ်ပေါင်းများစွာ လုပ်စားလာခဲ့ကြတာ။ အခုအချိန် ကျနော်တို့ကို တိုင်းအစိုးရအဖွဲ့က ပေးမယ်ဆိုတဲ့အချိန်ကျတော့မှ သူတို့က ကျနော်တို့ မရှိဆင်းရဲသား ရေလုပ်သားငယ်တွေရဲ့ ထမင်းအိုးလေးတွေကို ဖဲ့စားဖို့ လုပ်လာကြတာပါ။ ဒီအထဲကမှ ငါးလုပ်ငန်းဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပူးပေါင်းပါဝင်ပြီးတော့ ကြံစည်ပြီးတော့ လုပ်ကိုင်တာ”ဟု ဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်သည့် ဦးဝင်းကြည်က ပြောသည်။
ရေလုပ်သားအဖွဲ့များကို စိစစ်ရသည့် လေးမျက်နှာမြို့နယ် အင်းတင်ဒါလေလံ ကြီးကြပ်ရေးကော်မတီတွင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌနှင့် မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးက အတွင်းရေးမှူးဖြစ်ပြီး မြို့နယ်ရဲမှူး၊ အရပ်သား ကိုယ်စားလှယ် ၂ ဦးတို့အပါအဝင် စုစုပေါင်း ကော်မတီဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားသည်။
လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးသိန်းက ဧရာဝတီတိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ကျေးရွာများ၌ ထပ်မံဖွဲ့စည်းသည့် ရေလုပ်သားအဖွဲ့များတွင် အင်းသားကြီးများ မပါဝင်ဘဲ အင်းသားကြီးနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့သူများသာ ပါဝင်နေခြင်း ဖြစ်ကြောင်း၊ ယမန်နေ့က ဆန္ဒပြသည့် အင်းများမှာလည်း မည်သူ့ကိုမှ ချထားပေးခြင်း မရှိသေးဘဲ ဧရာဝတီတိုင်းအစိုးရထံ တင်ပြထားဆဲအခြေအနေမှာပင် ရှိနေကြောင်း ရှင်းပြသည်။
“အစိုးရအဖွဲ့ ညွှန်ကြားချက်ကတော့ ရေလုပ်သားအဖွဲ့အချင်းချင်း ညီညွတ်ရင် အင်းကိုပြန်ချပေးမယ်။ မညီညွတ်တဲ့အင်းကိုတော့ ထားဦးမယ်ဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ ဟိုရက်က အင်း ၄ ခု ခေါ်တွေ့တယ်။
အင်း ၁ ခုက ညီညွတ်သွားပြီး အင်း ၃ ခုက မညီညွတ်ဘူးဖြစ်နေတယ်”ဟု ဦးမျိုးသိန်းက ပြောသည်။
ဆန္ဒဖော်ထုတ်ခံရသည့် လေးမျက်နှာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကလည်း “အင်းတင်ဒါလေလံ ကြီးကြပ်ရေးကော်မတီမှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်က စောင့်ကြည့်ထိန်းညှိရေး တာဝန်ပဲ ဖြစ်တယ်။ ကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ်တောင် ပါဝင်ခွင့်မရပါဘူး။ အဲဒီတော့ အင်းတွေနဲ့ပတ်သက်လို့ အစုအဖွဲ့တွေကို များအောင်လုပ်ပေးတယ်ဆိုတာ လုံး၀ ကျနော်နဲ့ မပတ်သက်ဘူး။ ကော်မတီထဲမှာ လွှတ်တော်ကိုယ်စားလှယ်က အဖွဲ့ဝင်တောင် ပါခွင့်မရတာ ဒီအင်းကို ဘယ်သူ့ကို ပေးပါလို့ ကျနော်တို့အနေနဲ့ ပြောခွင့်လည်းမရှိဘူး။ လုပ်ခွင့်လည်း မရှိပါဘူး”ဟု ပြောသည်။
လေးမျက်နှာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်ကို လေးမျက်နှာမြို့နယ်မှ ရေလုပ်သားများက ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးယခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ် ဆန္ဒပြခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အင်းပေါင်း ၁၇၇၇ အင်း ရှိကြောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာန စာရင်းများအရ သိရသည်။ အဆိုပါအင်းများအားလုံး၏ ၈၀ ရာခိုင်နှုန်းကို အင်းသားကြီးများ ရရှိပြီး ၂၀ ရာခိုင်နှုန်းခန့်သာ ဆင်းရဲသည့် ရေလုပ်သားငယ်အစုအဖွဲ့များအား လုပ်ကိုင်ခွင့် ရရှိသည့်အတွက် အင်းသားကြီးများအနေဖြင့် ရေလုပ်သားငယ်တို့၏ လုပ်ကိုင်ခွင့်များကို လုမယူရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းက သတိပေးပြောဆိုထားသည်။