ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျေးရွာ ၅၀ ကျော်အနက် မြောက်ပိုင်းဒေသတွင်ရှိသော ကျေးရွာ ၄၀ ဝန်း ကျင်မှာ ရိက္ခာပြတ်လပ်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသလို ကျန်းမာရေးမကောင်းသူများလည်းရှိနေ၍ အကူ အညီများ လိုအပ်နေကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဧရာဝတီသို့ ပြောသည်။
“အပေါ်က စာရင်းပေါ့ နံပါတ် ၁၉ အထိကတော့ ရိက္ခာပြတ်နေပြီး အောင်ဇေယျတို့၊ အောင်မင်္ဂလာတို့၊ တောင်ပြိုတို့၊ လောင်းဒုံတို့ဆိုတာ ဟိုမြောက်ပိုင်းကျတယ်။ ကြိမ်ချောင်းလည်းပါတယ်။အဲဒီမှာ ကြိမ်ချောင်းက အကြီးဆုံးပေါ့။ ရိက္ခာပြတ်နေပြီး အဲဒီမှာလည်း။ နောက် မင်္ဂလာညွန့်(နံပါတ် ၂၀)ကနေ နံသာတောင်( နံပါတ် ၄၀) အဲဒီမှာလည်း ရိက္ခာတွေက ပျက်နေပြီ။ ရိက္ခာပြတ်တယ်ဆိုတာ မြောက်ပိုင်းမှာကျတော့ အကုန်လုံးနီးပါး ရိက္ခာပြတ်နေပြီ”ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဧရာဝတီ သို့ ပြောသည်။
မောင်တောမြို့ မြောက်ပိုင်းအတွင်းရှိ ပြားသားရွာ၊ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ဖားဝပ် ချောင်း၊ လောင်းဒုံ(နတလ)၊လောင်းဒုံ(မာရမာ)၊ကြိမ်ချောင်း၊ရန်အောင်ပြင်၊ မင်းကြီးရွာ၊ တရိန်း(ရခိုင်)၊ တရိန်း(မြို)၊နတ်ချောင်း(မြို)၊ဝက်ကျိန်း(မြို) (နတလ)၊မီးတိုက်၊ သင်္ဘောလှ၊သာယာကုန်း၊နံသာတောင် စသည့် ကျေးရွာများမှ ဒေသခံများ ရိက္ခာပြတ်လပ်နေပြီး ကျန်းမာရေး မကောင်းသူများလည်း ရှိနေကြောင်း ANP ထံမှ သိရသည်။
ထို့ပြင် ကျောက်လုံး၊ ပျာရည်၊ နန်းရာကိုင်း စသည့် ကျေးရွာများမှ ဒေသခံများသည် မည်သည့် တောထဲသို့ ဝင်ရောက် ပုန်းအောင်းနေကြောင်း မသိရသလို အဆက်အသွယ်များ ပျက်နေခြင်းကြောင့် အန္တရာယ်ရှိနေ ကြောင်း ANP မှ ဆိုသည်။
အဆိုပါ ဒေသများသို့ သွားရောက် ကြိုးပမ်းသော်လည်း လမ်းတလျှောက် လက်လုပ်မိုင်းများ ထောင်ထားခြင်း ကြောင့် ကုန်းလမ်းဖြင့် သွားရောက်ရန် အဆင်မပြေသည့်အတွက် ရဟတ်ယာဉ်ဖြင့် ကယ်တင်မှသာလျှင် အဆင်ပြေနိုင်ကြောင်း သိရသည်။
“ကြိမ်ချောင်းတို့ ၊ တောင်ပြိုတို့၊ အောင် သပြေတို့ဆိုတာ မြောက်ပိုင်းကျတယ်။ အဲဒီက လမ်းတွေက ကတ္တ ရာလမ်း မဟုတ်သေးဘူး။ ကျောက်ချော လမ်းတွေရှိတယ်၊ မိုးတွင်းဆိုတော့ ပိုဆိုးသွားပြီပေါ့။ ရွံ့လမ်းတွေ ဖြစ်သွားပြီ။ အဲဒါကြောင့် လမ်းခရီးက အခု အချိန်က အရင်လို ကားနဲ့သွားဖို့ ခရီးမတွင်တော့ဘူး။ ခရီးမတွင် လမ်းဆိုးတဲ့အထဲမှာ မိုင်းတွေ ထောင်ထား တော့ ဘယ်လောက် အခြေအနေ ဆိုးမလဲဆိုတာ စဉ်းစား ကြည့်တော့ လေ”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
လက်ရှိတွင် ကြိမ်ချောင်းတွင် လူဦးရေ ၅၀၀၀ ဝန်းကျင်လောက်ရှိပြီး တောင်ပြိုတွင်လည်း လူဦးရေ ၅၀၀၀ ဝန်း ကျင်ရှိနေရာ နေမကောင်းဖြစ်သူများ ထောင်ချီရှိကာ ရိက္ခာပြတ်လပ်မှု အခြေအနေဖြင့် ရင်ဆိုင် နေကြရသည် ဟု ၎င်းက ပြောသည်။
တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် သြဂုတ် ၃၀ ရက်အထိ နေရာ ၂၂ နေရာ၌ ရွေ့ပြောင်း ဒေသခံ တိုင်းရင်းသားပြည်သူ ၉၄၀၂ ဦးထံသို့ ၂ ပတ်စာခန့်ရှိသည့် စားသောက်ဖွယ်ရာများအား ပေးအပ် လှူ ဒါန်းခဲ့ပြီးဖြစ်ကာ ဆက်လက် လှူဒါန်းမှုများလည်း ဆောင်ရွက်လျက်ရှိသည်ဟု သြဂုတ် ၃၁ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။
မောင်တောမြို့ မြောက်ပိုင်းရှိ အောက်ပြူးမ၊ အထက်ပြူးမ၊ မြို့သစ်၊ ငါးခူးရ၊ ကပကောင်း၊ ရေမျက်တောင်၊ စံပယ်ပင်ရင်း၊ ခြုံပြင်၊ ရွက်ညိုးတောင်၊ သရက်အုပ်၊ ကညင်းချောင်း၊ အောင်ဗလ စသည် ကျေးရွာများမှာလည်း အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်သုံးမြို့ရှိ ရဲကင်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့မှ ၂၀၁၇ ခုနှစ်၊သြဂုတ် ၂၅ ရက်က စတင်၍ အကြမ်းဖက် တိုက်ခိုက်ရာ ယနေ့ (စက် တင်ဘာ ၁ ရက်)အထိ တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။