သတင်း

မွန်အမျိုးသားပါတီ ဒုတိယအကြိမ် ညီလာခံ ခေါ်ယူရန်ရှိ

Want create site? Find Free WordPress Themes and plugins.

မွန်အမျိုးသား ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင် နိုင်ရန်နှင့် ၎င်းတို့၏ လျော့ရဲ လာနေသည့် ပါတီအား ပြန်လည် ထိန်းသိမ်းနိုင်ရန် အတွက် လျာထားချိန်ထက် တစ်နှစ်ခွဲ စော၍ ပါတီ၏ ဒုတိယ အကြိမ် ညီလာခံအား ခေါ်ယူ သွားမည် ဖြစ်ကြောင်း မွန်အမျိုးသားပါတီ အတွင်းရေးမှူး အဖွဲ့ဝင် များက ပြောသည်။

ပါတီ အထွေထွေ အတွင်းရေမှူး နိုင်လယီတမားက “ ၅ နှစ်ပြည့်မှ လုပ်မယ် ဆိုရင် ကျနော်တို့တွေ ရွေးကောက်ပွဲနဲ့ တိုက်သွားမယ်၊ ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင် နိုင်ချိန်လည်း နည်းသွားမယ်၊ ဒါကြောင့် လျာထား ချိန်ထက် တစ်နှစ် ကျော်ကျော်လောက် စောပြီး ခေါ်လိုက် တာပေါ့” ဟု ပြောသည်။

ပါတီ၏ ပထမအကြိမ် ညီလာခံကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း၌ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိ ပြုလုပ်ရန် လျာထားသည့် ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက်အတိအကျကိုမူ မသိရှိရသေးပါ။

မွန်အမျိုးသားပါတီသည် မွန်ပြည်နယ်အတွင်းရှိ ၉ မြို့နယ်၊ ကရင်ပြည်နယ် အတွင်းရှိ ၄ မြို့နယ်နှင့် တနင်္သာရီ တိုင်းဒေသ ကြီး တို့ရှိ ၃ မြို့နယ် တို့တွင် ပါတီဝင်၇ သောင်းကျော် ရှိကာ လက်ရှိတွင် ဗဟို ကော်မီတီဝင် ၉၃ ဦးအနက် ဗဟို အလုပ်အမှုဆောင် ၃၁ ဦး ပါဝင်သည်။

မွန်အမျိုးသားပါတီ တွဲဖက် အတွင်းရေမှူး ၁ နိုင်စိုးမြင့် ကလည်း “ ၂၀၁၈ ၊ ပထမ ၆ လပတ် အတွင်းမှာ ခေါ်နိုင်အောင် ကြိုးစားနေတယ်၊ ပုံမှန် ညီလာခံကို စောပြီးတော့ ခေါ်တဲ့ သဘောပါပဲ၊ ပါတီတွင်း အနေအထားတွေ၊ ပါတီတွင်း ကေဒါ တွေက ပေါ်လစီပေါ်မှာ လက်ခံကျင့်သုံး နိုင်မှု၊ ညီညွတ် မှုတွေ လျော့ရဲလာတယ်” ဟု ရှင်းပြသည်။

မွန်အမျိုးသားပါတီ အနေနှင့် ဖွဲ့စည်းပုံအရ ပါတီ ညီလာခံအား ၅ နှစ် တကြိမ် ပြုလုပ် ကျင်းပ ရမည် ဖြစ်သော်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်နှင့် လက်ရှိ ပါတီတွင်း အနေအထား များကြောင့် သတ်မှတ် ချိန်ထက် ၂ နှစ်စော၍ ပါတီ ညီလာခံအား ခေါ်ယူကာ ပါတီတွင်း ပြဿနာ ရပ်များအား ကုစားနိုင်ရန် စီစဉ် ရခြင်း ဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသား ပါတီ၏ ဖွဲ့စည်းပုံ အရ ရွေးချယ်ခန့်အပ် ရသည့် ဗဟိုကော်မီတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင် ၉၃ ဦးမှာ အရေအတွက် အရ ဖောင်းပွမှု ဖြစ်နေကြောင်း၊ ၎င်းအား ပြန်လည် ပြင်ဆင် နိုင်ရန် အတွက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း နိုင်လယီတမားက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့၌ မွန် ၂ ပါတီ ပေါင်းစည်းရေး အတွက် အားပေး အားမြှောက် ပြုလို ကြသည့် ပါတီဝင် များမှ ပါတီ ခေါင်းဆောင် များ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်ကို ဘဝင် မကျ၍ ပါတီ ဗဟို အလုပ် အမှုဆောင်နှင့် မြို့နယ် အတွင်းရေးမှူး၊ မြို့နယ် အလုပ်အမှုဆောင် အဆင့်ရှိသူများ အပါအဝင် ကျိုက်မရောမြို့နယ်မှ မွန်အမျိုးသား ပါတီဝင် ၆၀ ကျော် တပြိုင်နက် နှုတ်ထွက် ခဲ့ကြသည်။

ပြီးခဲ့သည့် ဂျူလိုင် လလယ်ခန့်၌ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် မွန်အမျိုးသား ပါတီမှ ဗဟို အလုပ်အမှုဆောင် ဒေါက်တာ မင်းစိုးလင်း၊ ပါတီ ဗဟို ကော်မီတီများ အပါအဝင် ပါတီဝင် ၆ ဦး တို့အား ပါတီဝင် အဖြစ်မှ ရပ်ဆိုင်း ခဲ့သေးသည်။

မွန်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက် ပွဲတွင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ MNDF အဖြစ် ရပ်တည် လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် MNDF မှ မွန်ဒီမိုကရေစီပါတီ (MDP) အမည်ဖြင့် ပြန်လည် စုဖွဲ့ခဲ့သည်။

၎င်းနောက် ၂၀၁၄ တွင် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ (AMDP) ပါတီနှင့် ပေါင်းစည်းရေး အတွက် မွန်ပြည်သူ များ၏ ဝိုင်းဝန်း ဖိအား ပေးမှုကြောင့် ၎င်းတို့ ပါတီ နာမည်အား မွန်အမျိုးသား ပါတီ (MNP) ဟု အမည်ပြောင်း ခဲ့သော်လည်း ယနေ့အထိ နှစ်ပါတီ ပေါင်းစည်းရေးမှာ လက်တွေ့ အကောင်အထည် မပေါ်ခဲ့ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading