ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ရှုတ်ချလိုက်ပြီး ယင်းဖြစ်ရပ်တွင် ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့သူများအတွက် စိတ်မကောင်း ဖြစ်ရကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန့်ကောရှန် (Sun Guoxiang)က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော် သမ္မတအိမ်တော်တွင် ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ လည်း ဖြစ်သည့် ဒုတိယ သမ္မတ ၁ ဦးမြင့်ဆွေနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆို ထောက်ခံလိုက်ခြင်း ဖြစ်ပြီး နိုင်ငံတကာက အာရုံစိုက်သည့် ရခိုင်အရေးကို တရုတ်နိုင်ငံကလည်း ကြေညာချက်တစောင် အမြန်ဆုံး ထုတ်ပြန်ခဲ့ပြီး မြန်မာ အစိုးရနှင့် ရပ်တည်ခဲ့ကြောင်းလည်း ဆိုသည်။
“ဒီလို အကြမ်းဖက်ကိစ္စကို ကျနေ်ာတို့ ရှုတ်ချပါတယ်။ အဲဒီကိစ္စဖြစ်တဲ့ အတွက်ကြောင့် ကျဆုံးခဲ့တဲ့လူတွေနဲ့ ဒဏ်ရာရခဲ့တဲ့ လူတွေ အတွက် စိတ်မကောင်းကြောင်း ဖော်ပြခဲ့ပါတယ်။ ကျဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရခဲ့တဲ့ မိသားစုတွေအပေါ်လည်း စိတ်မကောင်း ဖြစ်ရ ကြောင်း ပြောကြားလိုပါတယ်”ဟု မစ္စတာ ဆွန့်ကောရှန်က ဒုတိယ သမ္မတနှင့် တွေ့တွေ့ချင်းတွင် ပြောသည်။
၎င်း၏ ခရီးစဉ်နှင့် တိုက်ဆိုင်စွာဖြင့် မြန်မာနိုင်ငံတွင် အရေးကြီးကိစ္စတခု ကြုံတွေ့နေရသည်ကို သိကြောင်း၊ ၎င်းမှာ သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၏ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ကြောင်း တရုတ်အထူး သံတမန်က ပြောသည်။
ရခိုင်မြောက်ပိုင်းအရေးကိစ္စများကို တရုတ်နိုင်ငံက ကူညီဖြေရှင်းလိုကြောင်း တရုတ် အထူးသံတမန် မစ္စတာ ဆွန့်ကောရှန်က အစဉ်တစိုက် တောင်းဆိုလေ့ရှိပြီး တရုတ်နိုင်ငံ၏ အဓိက အရေးစိုက်ရမည့် စီမံကိန်းကြီးတချို့က ရခိုင်ပြည်နယ်တွင် ရှိနေရာ ၎င်းတို့၏ အကျိုးစီးပွားအတွက် စိတ်ပူပန်မှုကို ပြသလျက်ရှိသည်။
တရုတ်နိုင်ငံက ရခိုင်အရေးကို စိတ်ဝင်စားနေခြင်းမှာ OBOR ဟု ခေါ်သည့် ခေတ်သစ် ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော်ရန် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ဖြစ်သည့် ရခိုင်ပြည်နယ်ကို အခြေပြု စဉ်းစားရကြောင်း၊ ၎င်း၏ အဓိက စီမံကိန်းဖြစ်သည့် ရမ်းဗြဲကျွန်းရှိ စီးပွားရေးဇုန်၊ မဒေးကျွန်းရှိ ရေနက်ဆိပ်ကမ်းတို့အတွက် ဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံရမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
“ရခိုင်ဒေသ မတည်ငြိမ်ရင် သူ့ရဲ့ ရခိုင်ဒေသ စီမံကိန်းအတွက် အကျိုးမရှိဘူး။ ဒါကြောင့် ဒီဖြစ်စဉ်မှာ တရုတ် အစိုးရအနေနဲ့ ထဲထဲဝင်ဝင် ပါဖို့ စဉ်းစားထားပုံရတယ်။ တရုတ်အစိုးရအနေနဲ့ သူ့ရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် စိတ်ဝင်စားတယ် ဆိုတာ ဖော်ပြတာပဲ”ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။
တရုတ်အထူးသံ မစ္စတာ ဆွန်ကော့ရှန်သည် ရခိုင်အရေးအတွက် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် မတွေ့ဆုံမီ ဘင်္ဂလားဒေရှ် အစိုးရ နှင့်လည်းကောင်း၊ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင် ဥက္ကဌ ကိုဖီအာနန်နှင့် လည်းကောင်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရှိနေသည့် ကျောက်ဖြူစီမံကိန်းကြောင့် စိတ်ပူနေသည့် တရုတ်နိုင်ငံကို နားလည်သော်လည်း ရခိုင်အရေးကို နိုင်ငံတကာ စံနှုန်းများ အတိုင်းသာ ကူညီပေးရန် မြန်မာ အစိုးရက လိုလားကြောင်း ၂၀၁၇ ခုနှစ်၊ ဧပြီလက သမ္မတရုံး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုထားသည်။
ရိုဟင်ဂျာ ဟုခေါ်ဆိုနေကြသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြား သံတမန်ရေး ပြဿနာ ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းလာကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိနှစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းတပုဒ်တွင်လည်း ဖော်ပြခဲ့ဖူးသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန၊ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် သည် မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ ကိုယ်စား ကြားဝင် ဆောင်ရွက်နေသူတဦးလည်းဖြစ်သည်။