တပ်မတော်၏ တောင်းဆိုမှုအရ အကြမ်းဖက် တိုက်ခိုက်မှုများ ခံနေရသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ တခုလုံးကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ် ခွင့်ပြုထားကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
“ကက(ကြည်း)က စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ဖို့ တောင်းတယ်။ သမ္မတရုံးက ခွင့်ပြုထားပြီး ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောပြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များနှင့် တောင်ပြိုလက်ဝဲ၊ မြင်းလွတ် မြို့နယ်ခွဲ ၅ ခုကို စစ်ဆင်ရေး နယ်မြေအဖြစ် သြဂုတ်လ ၂၅ ရက်နေ့က သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း မောင်တောနယ်မြေ ကျီးကန်းပြင် ဌာနချုပ်မှ ရဲမှူး ကိုကိုစိုးကလည်း ဧရာဝတီသို့ ပြောသည်။
“မောင်တော ဒေသတခုလုံးကို စစ်ဆင်ရေး နယ်မြေ သတ်မှတ်ပေးလိုက်တာ။ အဲဒီလို သတ်မှတ်ပေးတဲ့အတွက် အကြမ်း ဖက် အဖွဲ့အစည်းတွေကို စစ်ဆင်ရေး ဆောင်ရွက်တဲ့အခါမှာ ခွင့်ပြုချက်ရပြီး ဖြစ်တဲ့အတွက် နယ်မြေရှင်းလင်း ဖော်ထုတ် တဲ့ အခါမှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်လို့ ရတာပေါ့”ဟု ရဲမှူး ကိုကိုစိုးက ပြောဆိုသည်။
စစ်ဆင်ရေးနယ်မြေ မသတ်မှတ်နိုင်ခင်က လက်နက်ကိုင် လုံခြုံရေးအဖွဲ့များ အနေဖြင့် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း များ၊ ကျင့်ဝတ်များ ရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေး ဆောင်ရွက်မှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရကြောင်း၊ မောင်တော ဒေသအား စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တင်ပြ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသကို လွတ်မြောက်နယ်မြေ အဖြစ် ဖန်တီးနိုင်ရေး မွတ်စလင် အားလုံးပါဝင်သည့် ဂျီဟတ် စစ်ပွဲ ဆင်နွဲ၍ “ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)”က အဆင့် ၄ ဆင့်ဖြင့် အကြမ်းဖက် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တပ်မတော် ခေါင်းဆောင်များက ပြောဆိုထားသည်။
အစိုးရကို အကြမ်းဖက် တိုက်ခိုက်နေသည့် ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ် မတ်လ ၂၉ရက်နေ့တွင် နိုင်ငံတော်အစိုးရ အဖွဲ့ ဆီသို့ တောင်းဆိုချက် ၂၀ ပါဝင်သည့် စာတစောင်ပေးပို့ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် မောင်တောဒေသ တည်ငြိမ်အေးချမ်း ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေသည့် နိုင်ငံ တော်၏ လုပ်ဆောင်မှုများကို မျက်ကွယ်ပြုပြီး အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ရန် လျှို့ဝှက် ကြံစည်ခဲ့ကြောင်း လည်း တပ်မတော် ခေါင်းဆောင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မောင်တောဒေသ အကြမ်းဖက်ခံရမှု ဖြစ်စဉ်များတွင် သြဂုတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် ARSA အကြမ်းဖက် သောင်းကျန်းသူများကြား တိုက်ပွဲ ၉၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၃၇၀ ကို အသေဖမ်းမိခဲ့ ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ်လ ၃၁ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
မြန်မာအစိုးရဘက်မှ တပ်မတော်သား ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ရပြီး နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး သေဆုံး ခဲ့ရပြီး ၁၅ ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဟိန္ဒူ ဘာသာဝင်များနှင့် တိုင်းရင်းသား ၁၅ ဦးမှာလည်း အကြမ်းဖက်မှုတွင် အသတ် ခံခဲ့ရကြောင်း၊ တံတား ၈ စင်း မိုင်းခွဲ ဖျက်ဆီးခံရပြီး အိမ်ခြေ ၂၇၀၀ ကျော် မီးလောင်ခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။