အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာနိုင်ငံမှ ဘင်္ဂလီ ၉ သောင်းခန့်ထွက်ပြေးခဲ့ကြကြောင်း ထိုနေရာတွင် ကူညီရေး လုပ်ငန်း များဆောင်ရွက်နေသူများ၏ အဆိုကို ကိုးကား၍ ရိုက်တာသတင်းက ရေးသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင် အများစုရှိရာ ဒေသတွင် ပြီးခဲ့သည့် အပတ်က နေအိမ် ၂၆၀၀ ကျော်မီး လောင် သွားခဲ့ကြောင်းလည်း မြန်မာအစိုးရက စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောသည်။
နေအိမ်များ မီးလောင်ကျွမ်းသည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရတာဝန် ရှိသူများက ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မ တော် (ARSA) ကို အပြစ်တင်ခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်းက လုံခြုံရေးတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ARSA က ဝန်ခံခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ နှင့် တပ်မတော်၏ ကြီးမားသော တန်ပြန်စစ်ဆင်ရေးများ ပေါ်ပေါက်လာခဲ့ရသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာကြသူများကမူ မြန်မာ့တပ်မတော်က သူတို့ ထွက်ပြေးစေရန် ဖိအားပေးသည့် အနေဖြင့် မီးရှို့ခြင်း နှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်နေသော သတင်းထောက်များကို ပြောကြသည်။
တိုက်ပွဲများ နှင့် တပ်မတော်၏ နှိမ်နင်းမှုကြောင့် လူ ၄၀၀ နီးပါး သေဆုံးပြီး မွတ်ဆလင်မဟုတ်သော ဒေသခံတိုင်းရင်းသား ၁၁၇၀၀ ကျော်လည်း ထိုဒေသမှ ထွက်ပြေးခဲ့ရကြောင်း အစိုးရကပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ပိုင်းခြားထားသည့် နတ်မြစ် အနီးတွင် သူတို့၏ ပိုင်ဆိုင်မှုများကို ယူဆောင်၍ အသစ်ရောက် လာသူများက ယာယီတဲများ ထိုးရန် သို့မဟုတ် ရှိနှင့်ပြီး အမိုးအကာများထဲ သို့မဟုတ် ဒေသခံများ၏ အိမ်များတွင် ဝင်ရောက်နေထိုင်နိုင်ရန် ကြိုးစားနေကြကြောင်း ရိုက်တာသတင်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်တင်ဘာလ ၁ ရက်နေ့က ရောက်ရှိလာခဲ့သော လူ ၃၀၀၀ ခန့်ပါဝင်သည့် အဖွဲ့မှ အသက် ၆၀ အရွယ် Jalal Ahmed က ၎င်းတို့ကို မြန်မာနိုင်ငံမှ နှင်ထုတ်နေခြင်း ဖြစ်သည်ဟု ပြောသည်။ “တပ်မတော် က လူ ၂၀၀ လောက်နဲ့ ရွာကိုလာပြီး မီးရှို့တယ်။ ကျနော်တို့ ရွာက အိမ်တွေ အားလုံး ဖျက်ဆီးခံလိုက်ရပြီ။ ကျနော်တို့ ပြန် သွားလို့ တပ်မတော်က တွေ့ရင် သူတို့က သေနတ်နဲ့ ပစ်လိမ့်မယ်” ဟု သူက ပြောသည်။
သူတို့က ကျီးကန်းပြင် ကျေးရွာမှ တပတ်နီးပါးကြာ လမ်းလျှောက်လာခဲ့ခြင်းဟု သတင်းက ဆိုသည်။ သို့သော် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ခွင့် တားမြစ်ထားသည့်အတွက် ရိုက်တာ သတင်းဌာန အနေဖြင့် လွတ်လပ်စွာ အတည်ပြုနိုင်ခဲ့ခြင်း မရှိဟုလည်း ရေးသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွတ်ဆလင်လူနည်းစုများ အပေါ် ဖိနှိပ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း မရှိ ကြောင်းနှင့် အားလုံးက ဥပဒေမူဘောင်နှင့်အညီ ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က ပြောကြားသည်။
မြန်မာအစိုးရက ARSA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ထောက်ခံသူများကိုလည်း အရေးယူမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များနှင့် တောင်ပြိုလက်ဝဲ၊ မြင်းလွတ် မြို့နယ်ခွဲ ၅ ခုကို စစ်ဆင်ရေး နယ်မြေအဖြစ် သြဂုတ်လ ၂၅ ရက်နေ့က သတ်မှတ်လိုက်ကြောင်း သိရသည်။