မြန်မာကို တိုက်ခိုက်မှုများ ပြုလုပ်ရန် ယီမင်နိုင်ငံမှ အယ်လ်ကိုင်းဒါး ထိပ်တန်းခေါင်းဆောင် တဦးက တောင်းဆိုခဲ့ကြောင်း အမေရိကန် အခြေစိုက် လေ့လာစောင့်ကြည့်ရေး ဌာနတခုဖြစ်သည့် SITE က ဖော်ပြမှုကို ရိုက်တာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။
အယ်လ်ကိုင်းဒါး၏ al-Malahem မီဒီယာဖောင်ဒေးရှင်းမှ ထုတ်ပြန်လိုက်သည့် ဗီဒီယိုတခုတွင် ယီမင်နိုင်ငံမှ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တဦး ဖြစ်သည့် Khaled Batarfi က မွတ်ဆလင် ညီနောင်များကို ကူညီရေး “အလ္လာ၏ ရန်သူများ” ကို တိုက်ခိုက်ကြရန် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံမှ မွတ်ဆလင်များကို တောင်း ဆိုခဲ့သည်ဟု သိရသည်။ Khaled Batarfi က အယ်လ်ကိုင်းဒါးအဖွဲ့၏ အိန္ဒိယ တိုက်ငယ် အဖွဲ့ခွဲ(AQIS) ကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
တပြိုင်နက်တည်းတွင်ပင် စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးကို ဓာတ်ဆီဗုံး တခုဖြင့် ပစ်ခတ်ခဲ့သည့် အတွက် မီးအနည်းငယ်လောင်ကျွမ်းခဲ့ရကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ က ပြောသည်။
သံရုံး၏ နောက်ဘက်မှ လမ်းထဲတွင် ကင်းလှည့်နေသော ရဲအရာရှိတဦးက ဂျကာတာ စံတော်ချိန် မနက် ၂ နာရီ ၃၅ မိနစ် ခန့်တွင် အဆောက်အဦး၏ ဒုတိယထပ်တွင် မီးလောင်ကျွမ်းနေသည်ကို စတင်တွေ့ရှိရပြီးနောက် သံရုံး၏ ရှေ့ဝင်ပေါက် တွင် စောင့်ကြပ်နေသော ရဲအဖွဲ့ဝင်များကို အသိပေးခဲ့ခြင်း ဖြစ်ကြောင်း ဂျကာတာရဲအဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မီးငြိမ်းသတ်ပြီးနောက် မီးစာတပ်ထားသည့် ဘီယာပုလင်းတလုံး ကွဲကြေနေသည်ကို ရဲတပ်ဖွဲ့က ဖော်ပြထားသည်။ ကျူးလွန်သူများက အခင်းဖြစ်ပွားသည့် နေရာမှ ကားတစီးဖြင့် ထွက်ပြေးသွားခဲ့သည်ဟု ရဲအဖွဲ့က ယူဆထားကြောင်းလည်း ရိုက်တာ သတင်းက ဆိုသည်။
ဂျကာတာ ရဲအဖွဲ့က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Argo Yuwono ကပြောသည်။ တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းရင်းကို ရဲအဖွဲ့က စုံစမ်းနေဆဲ ဖြစ်သည်ဟု သိရ သည်။
စက်တင်ဘာလ ၂ ရက်နေ့တွင် တက်ကြွလှုပ်ရှားသူတစုက အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် မြန်မာ ခေါင်း ဆောင် ဒေါ်အောင် ဆန်းစုကြည်၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြန်လည်ရုပ်သိမ်းပေးရေး အတွက် တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှား အစိုးရ သတင်းအေဂျင်စီ ဖြစ်သည့် Antara က ရေးသားခဲ့သည်။
လတ်တလော မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး H.E Ms. Retno L.P Marsudi သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိ ဗိမ္မန်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ဆွေးနွေးပြီးနောက် ရခိုင်ပြည်နယ်အရေးကိစ္စတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။