ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဟူသော သတင်းမှားကို လူမှုကွန်ရက် တွစ်တာတွင် ရေးသားခဲ့သောကြောင့် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ်ကို မြန်မာအစိုးရနှင့် တပ်မတော်တို့က ရှုတ်ချလိုက်သည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် တူရကီနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mehmet Simsek သည် ဓာတ်ပုံလေးပုံကို တွစ်တာလူမှုကွန်ရက်တွင် တင်ပြီး “လူမျိုးတုန်းသတ်ဖြတ်မှုကို ဝိုင်းဝန်း တားဆီးကြရန်” ဟူ၍ နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းခဲ့သည်။ သူ၏ ပို့စ်ကို အကြိမ်ပေါင်း ၁၆၀၀ မျှဝေခဲ့ကြပြီး ဖတ်ရှုသူ ၁၂၀၀ က နှစ်သက်ကြောင်း ဖော်ပြခဲ့ကြသည်။
သို့သော် သူ တင်ခဲ့သောပုံများသည် ရခိုင်ပြည်နယ်မှ ဖြစ်ရပ်များနှင့် ပတ်သက်ခြင်း မရှိကြောင်း ပေါ်ပေါက်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင် မကြာသေးမီကဖြစ်ပွားသော ပဋိပက္ခသတင်းများတွင် ဓာတ်ပုံအတုများ၊ သတင်းအတုများကို သုံး၍ နှစ်ဘက်စလုံးမှ ဝါဒဖြန့်ချိနေခဲ့ကြသည်။
သြဂုတ်လ ၂၅ ရက်နေ့က ARSA စစ်သွေးကြွများက ရဲစခန်းများကို တိုက်ခိုက်ခဲ့အပြီး သောင်းနှင့်ချီသော မွတ်ဆလင်၊ ရခိုင်နှင့် ဟိန္ဒူများသည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။သို့သော် ထိုဒေသသို့ သတင်းသမားများ သွားရောက်ခြင်းကို ကန့်သတ်ထားသောကြောင့် ပဋိပက္ခ၏ သရုပ်မှန်ကို အတည်ပြုရေး ခက်ခဲနေသည်။
ပထမပုံသည် ၂၀၀၈ ခုနှစ်မေလက ဖြစ်ပွားသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်း သို့မဟုတ် သင်္ဘောနစ်မြုပ်မှုတခု၏ ပုံဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံမှ လူအများအပြားက Simsek ၏ တွစ်တာရေးသားဖေါ်ပြချက်အပေါ် တုံ့ပြန်ခဲ့သည်ဟု BBC သတင်းဌာန၏ အဆိုအရ သိရသည်။
သစ်ပင်တွင် ကြိုးနှင့် ချည်ထားခံရပြီး သေဆုံးနေသူတဦးအတွက် ငိုကြွေနေသော အမျိုးသမီးတယောက် ပုံပါသော ဒုတိယပုံမှာမူ Reuters သတင်းဌာနမှ သတင်းထောက်တဦးက အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် ၂၀၀၃ ခုနှစ် ဇွန်လက ရိုက်ကူးခဲ့သောပုံ ဖြစ်သည်။

သေဆုံးသူ မိခင်၏ အလောင်းပေါ်တွင် ကလေးငယ်များ ငိုကြွေးနေသည့် တတိယပုံမှာမူ ၁၉၉၄ ခုနှစ် ဇူလိုင်လက ရဝမ်ဒါမှ ဓာတ်ပုံဖြစ်နေသည်။ တူးမြောင်းတခုအတွင်း လူများနစ်နေသော စတုတ္ထပုံမှာ မကြာသေးမီက နီပေါနိုင်ငံရေလွှမ်းမှုအတွက် ရန်ပုံငွေရှာသော အင်တာနက်စာမျက်နှာမှ ပုံဖြစ်သည်။
သောကြာနေ့တွင်မူ Mehmet Simsek က “ကျနော့် အစောပိုင်းက တွစ်တာ ရေးသားတင်ပြချက်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ မှားယွင်းစွာ သရုပ်ဖေါ်ထားတဲ့ ပုံတွေကို တင်ခဲ့ပါတယ်” ဟု တွစ်တာတွင်ရေးသားကာ ပြင်ဆင်ချက် ထည့်သွင်းခဲ့သည်။
မြန်မာ့တပ်မတော်က တနင်္ဂနွေနေ့က ထုတ်ပြန်သောကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များအတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ရတက်မအေးဖြစ်နေရသည့်အချိန်တွင် နိုင်ငံတခု၏ နိုင်ငံတော်အဆင့် တာဝန်ရှိသူတဦးအနေဖြင့် ရည်ရွယ်ချက်ရှိစွာ မဟုတ်မမှန် ရေးသား ဖော်ပြခြင်းအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြသည်။
ထိုနေ့မှာပင် မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီက ပြည်သူများအနေဖြင့် လူမှုကွန်ယက်မီဒီယာတွင် သတင်းတုများ မတင်ရန် သတိပေးခဲ့သည်။ အထက်ပါ တွစ်တာရေးသားဖေါ်ပြချက်အတွက် တူရကီသံအမတ်ကို ဆင့်ခေါ်ခဲ့ကြောင်းလည်း သိရသည်။
မှားယွင်းဖော်ပြမိကြောင်း ပြန်လည်ဖော်ပြခဲ့သော်လည်း ထိုသို့ မဟုတ်မမှန် သတင်းများ၊ ဓာတ်ပုံများ ဖြန့်ချိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အစိုးရ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများကို ထိခိုက်နစ်နာစေခဲ့ရသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
သမ္မတရုံးပြောခွင့်ရသူ ဦးဖော်ဌေးက တူရကီ ဒုတိယဝန်ကြီးချုပ်ကို တွစ်တာတွင် “ဓာတ်ပုံတွေက ပျံ့နေပြီး ရခိုင်ပြည်သူတွေကို ARSA အကြမ်းဖက်အဖွဲ့ သတ်ဖြတ်နေတယ်။ နိုင်ငံရေးကစားဖို့ အမှန်ကို အမှားမလုပ်ပါနဲ့။ ARSA ဟာ အစွန်းရောက်အကြမ်းဖက်ပါ” ဟု စနေနေ့က တုံ့ပြန်ရေးသားခဲ့သည်။