သတင်း

ဆက်သွယ်ရေး ပုဒ်မ ဖြင့် ပုသိမ် NLD ပါတီ ဒုဥက္ကဋ္ဌ ထောင် ၃ လ ချမှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို ဂုဏ်သိက္ခာကျဆင်းစေရန် လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည့် ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ဒု ဥက္ကဋ္ဌ ဦးဆန်းရွှေအား ပုသိမ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လပြစ်ဒဏ် ယမန်နေ့က ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေဒေသရှိ ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်သည် ကျေးရွာအတွင်း၌ အရက်ဆီများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အမည်ကို အသုံးပြု၍ လုပ်ဆောင်နေသည်ဟု NLD ပါတီ ဒုဥက္ကဋ္ဌ ဦးဆန်းရွှေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကြောင်း၊ ဆင်မ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ပုဒ်မ ၆၆ (ဃ) ဖြင့် ဦးဆန်းရွှေနှင့်အတူ ဆင်မကျေးရွာ NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဒု ဥက္ကဋ္ဌ ဦးလွင်ဦးတို့ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့တွင် ငွေဆောင် ရဲစခန်း၌ အမှုဖွင့်ခဲ့သည်။

ထိုသို့ အမှုဖွင့်ခဲ့သည့်အတွက် ငွေဆောင်ရဲစခန်းက ဦးဆန်းရွှေအပါအဝင် လူ ၃ ဦးကို ဖမ်းဆီးခဲ့ပြီးနောက်
ဦးမြင့်နိုင်နှင့် ဦးလွင်ဦးတို့မှာ အမှုတွင်မပါဝင်သဖြင့် အချုပ်မှ ပြန်လွှတ်ပေးခဲ့ပြီး ပုသိမ် NLD ပါတီ ဒု ဥက္ကဋ္ဌ ဦးဆန်းရွေကို ပုသိမ်တရားရုံးက ပထမအကြိမ်ရုံးချိန်းတွင် အာမခံဖြင့်အချုပ်မှ လွှတ်ပေးကာ တရားရင်ဆိုင် စေခဲ့သည်။

အဆိုပါ အမှုအား ပုသိမ်တရားရုံးတွင် ၉ လကျော်ကြားနာပြီးနောက် ပြစ်မှုထင်ရှားသည်ဟုဆိုကာ ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က NLD ပါတီ ဒု ဥက္ကဋ္ဌ ဦးဆန်းရွှေအား ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပုသိမ်မြို့နယ် NLD ဒု ဥက္ကဋ္ဌ ဦးဆန်းရွှေမှ ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင်တင်ခဲ့သည့် စာသားများမှာ ရာဇဝတ်ကြီးပုဒ်မ ၄၉၉ အရ ဖော်ပြထားသည့် အသရေဖျက်မှုမြောက်သောကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ
၆၆ (ဃ) အရ အသရေဖျက်ခြင်းဆိုသည့်အချက်နှင့် ညှိစွန်းနေကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဂုဏ်သိက္ခာ ကျဆင်းစေသော်လည်း ပြန်လည်တောင်းပန်သည့်စာ တင်ခဲ့သဖြင့် ကြီးလေးသောအပြစ်ဒဏ် မချမှတ်ဘဲ ထောင်ဒဏ် ၃ လအား ချုပ်ရက်ခံစားခွင့်ဖြင့် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ယမန်နေ့ တရားခွင်တွင် ဖတ်ကြားခဲ့သည်။

ပုသိမ်မြို့နယ် NLD ဒု ဥက္ကဋ္ဌ ဦးဆန်းရွှေ၏ဇနီး ဒေါ်မြင့်မြင့်ရီက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည့် ပုသိမ်မြို့နယ် တရားသူကြီး၏ အမိန့်အပေါ်တွင် ကျေနပ်မှုမရှိသည့်အတွက် ခရိုင်တရားရုံးသို့ အယူခံတက်ရန် ဥပဒေအကျိုးဆောင်များနှင့် တိုင်ပင်နေကြောင်း ပြောသည်။

“ဆင်မမှာ အရက်ဆီဖြန့်တဲ့ကိစ္စတွေကို ဦးဆန်းရွှေဆီကို ရွာသားတွေက လူကိုယ်တိုင်လည်း လာတင်ပြတယ်။ လူရာနဲ့ချီ လက်မှတ်ထိုးပြီး တိုင်ထားတာလည်း ရှိတယ်။ အဲဒါတွေကိုလည်း တရားရုံးမှာ သက်သေအခိုင်အလုံ တင်ပြခဲ့တယ်။ အဲဒီတော့ အမြင့်ဆုံးချမှတ်ရင်တောင် ငွေဒဏ်လောက်ပဲလို့ ကျမတို့က မျှော်လင့်ထားတာ။ ဟိုယခင် ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာတောင် ဘာမှမဖြစ်ခဲ့ဘဲ အခု NLD အစိုးရလက်ထက်ကျမှ ထောင်ကျရတာ ကျမအရမ်းရင်နာတယ်။ ချမှတ်တဲ့အမိန့်အပေါ် မကျေနပ်ဘူးလို့ ပြောချင်တယ်”ဟု သူမက ပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်ပြဌာန်းခဲ့ပြီး သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ဆက်သွယ်ရေးဥပဒေတွင် နစ်နာသူကိုယ်တိုင်က တရားလို ပြုလုပ်ရမည်ဟု ပါရှိကြောင်း၊ ယခု အမှုတွင်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုယ်စား ဆင်မအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က တရားလိုပြုလုပ်
တရားစွဲသည်ကို ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် နိုင်ငံတော်ပြန်တမ်းများမှာ အောက်ခြေတွေ အသက်မဝင်သည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ပုသိမ်မြို့အခြေစိုက် လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူများ – HRAA အဖွဲ့က ထောက်ပြပြောဆိုသည်။

ထောင်ဒဏ် ၃ လ ချမှတ်ခံရသည့် ပုသိမ်မြို့နယ် NLD ပါတီ ဒု ဥက္ကဋ္ဌ ဦးဆန်းရွှေမှာ NLD အစိုးရ ပြောင်းလဲ အုပ်ချုပ်ခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပုသိမ်မြို့နယ်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading