သတင်း

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်က အိမ်အကူများကို မနှိပ်စက်ခဲ့ဟု တရားခွင်တွင် ထွက်ဆို

အိမ်အကူ အမျိုးသမီးငယ် ၂ ဦးကို ရိုက်နှက် နှိပ်စက်မှုများဖြင့် တရားရင်ဆိုင်နေရသည့် ရန်ကုန်မြို့ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် တဦးဖြစ်သည့် ကိုရာဇာထွန်းက ၎င်းတို့ကို လုပ်အားခေါင်းပုံဖြတ်ခြင်း၊ နှိပ်စက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ပြုလုပ်သည့် ရုံးချိန်းတွင် ထွက်ဆိုလိုက်သည်။

အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် တဦးဖြစ်သူ ကိုရာဇာထွန်းမှ အိမ်အကူမိန်းကလေးများကို နှိပ်စက်ခြင်း၊ မီးခြစ်ဖြင့် မီးရှို့ခြင်းများမရှိခဲ့ကြောင်း၊ လုပ်ခလစာ ၁၅၀၀၀ ကျပ် အား ခေါင်းပုံဖြတ်သည်ဟု ဆိုသည်မှာ လည်း ရန်ကုန်မြို့လည်တွင် နေထိုင်သူများအတွက် တန်ဖိုးမရှိသည့် ၎င်းပမာဏကို ခေါင်းပုံဖြတ်ရန် မည်သည့်အကြောင်းမျှမရှိကြောင်း တရားခံပြသက်သေတဦးဖြစ်သည့် ကိုရာဇာလွင်က ငြင်းဆန်ထွက်ဆိုခဲ့သည်။

တရားခံပြသက်သေ ကိုရာဇာလွင်က “အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေဟာ ကောလဟလ သတင်း ထုတ်လွှင့် မှုများကြောင့် ယခုလို တရားရင်ဆိုင်နေရတာဖြစ်ပါတယ်၊ ဒါဟာ သတင်းထောက်ကိုဆွေဝင်း ပြုလုပ်လို့ ဖြစ်လာခြင်းဖြစ်ပါ တယ်”ဟု တရားခွင်အတွင်း ပြောသည်။

ယနေ့ရုံးချိန်းတွင် လူကုန်ကူးမှုဥပဒေဖြင့် တရားစွဲဆိုထားမှုအား စစ်ဆေးရာတွင် အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး တရားစွဲခံထားရသူ ကိုရာဇာထွန်းနှင့် တရားခံပြသက်သေ ကိုရာဇာလွင်တို့မှာ ညီကိုဝမ်းကွဲတော်စပ်သူများ လည်းဖြစ်ကြောင်းသိရသည်။

အိမ်အကူများနှိပ်စက်ခံရမှုကို Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းမှ စတင် ဖော်ထုတ်ရေးသား ခဲ့ပြီးနောက် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၆ ဦးအား အပြင်းအထန်နာကျင်စေမှု၊ လူကုန်ကူးမှု၊ ကလေးသူငယ် ဥပဒေစသည့် ဥပဒေပုဒ်မများဖြင့် တရားရုံးစွဲချက်တင်ထားခြင်း ဖြစ်သည်။

တရားစွဲဆိုခံရမှုအပေါ် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များဘက်မှ တရားခံပြသက်သေ ၁၇ ဦး တင်သွင်း ထားပြီး ၎င်းတို့ထဲတွင် မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွ့ဲဝင်ဟောင်း ဦးဇော်ဝင်းနှင့် ဦးမျိုးမြင့်အောင် (ခ) ဒါရိုက်တာမောင်မျိုးမင်း စသည့်ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်းသိရသည်။

အမှုမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်၍ တနှစ်ခန့်ကြာပြီဖြစ်သော်လည်း ယနေ့အထိ မပြီးသတ် အမိန့်ချမှတ်နိုင်ခြင်းမရှိသေးဘဲ သက်သေများစွာစစ်ဆေးရန် ကျန်နေသေးရာ အမှုအားဆက်လက်စစ်ဆေး ရန် စက်တင်ဘာ ၇ ရက်နေ့ကို ထပ်မံချိန်းဆိုထားသည်။

Loading