ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ခံနေရပြီးနောက် မောင်တောမှ ကြိမ်ချောင်းသို့ သွားသော လမ်း တလျှောက် တွင် လက်လုပ်မိုင်းများ ထောင်ထားသည့်အတွက် ပိတ်မိနေသူများကို ကူညီရန် အခက်အခဲ ဖြစ်နေသည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ သိရသည်။
ကြိမ်ချောင်းသည် ကျေးရွာကြီး တရွာဖြစ်ပြီး မောင်တောမြို့နယ်၊ မြောက်ပိုင်းဒေသတွင် ပါဝင်လျက်ရှိကာ လက်ရှိတွင် အိမ်ထောင်စု ၄၀ ၊ လူဦးရေ ၂၀၀ ပိတ်မိနေပြီး စားနပ်ရိက္ခာထောက်ပံ့မှု အပါအဝင် ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် မြို့ နယ်သုံးမြို့နယ်မှ ရဲကင်း ၃၀ ကို ARSA အကြမ်းဖက်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် မောင်တောမြို့နယ်အနီးရှိ ကျေးရွာများသို့ သွားသောလမ်းများတွင် ARSA အကြမ်းဖက်သမားများက လက် လုပ်မိုင်းများ ထောင်ထားခြင်းကြောင့် ကား၊ ဆိုင်ကယ်များဖြင့် မသွားလာနိုင်တော့ဘဲ ရဟတ်ယာဉ်ဖြင့်သာ သွားရမည် ဖြစ်၍ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရိက္ခာထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် အခက်အခဲများ ဖြစ်နေရကြောင်း ANP မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
ဦးထွန်းအောင်ကျော်က “ ကြိမ်ချောင်းမှာ ပိတ်မိနေတဲ့ လူတွေက စားနပ်ရိက္ခာ ပြတ်တော့မယ်။ အကူအညီ လှမ်းတောင်း တယ်။ ဒါပေမဲ့ မောင်တောကနေ ကြိမ်ချောင်းကို သွားတဲ့ လမ်းတလျှောက် လက်လုပ်မိုင်းတွေ ထောင်ထားတယ်။ ရဟတ် ယာဉ်တခုပဲ သွားလို့ရတယ်။ ဒါကလည်း အစိုးရဘက်က ရဟတ်ယာဉ်အသုံးပြုမှုက အဲဒီဘက်ကို မသွားနိုင်သေးဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ကြိမ်ချောင်းမှာ ပိတ်မိနေတဲ့ လူတွေကို အကူအညီပေးဖို့ အခက်အခဲဖြစ်နေတယ်” ဟု ပြောသည်။
ANP သည် သြဂုတ် ၂၇ ရက်က အစည်းအဝေး ဆုံးဖြတ်ချက်အရ ပိတ်မိနေသူများ ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာ ထောက် ပံ့ရေး၊ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရေးဆိုသော အချက်သုံးချက်ကို ဆောင်ရွက်နေသော်လည်း ကြိမ်ချောင်းကျေးရွာ တွင် ပိတ်မိနေသူများအား အကူအညီ မပေးနိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၃ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ရဟတ်ယာဉ် အသုံးပြု၍ မောင်တောမြို့နယ် ရွက်ညိုတောင်၊ တမန်း သားကျေးရွာ၊ လောင်းဒုံကျေးရွာများသို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ပဲ စသည့် စားနပ်ရိက္ခာများ လှူဒါန်းခဲ့သလို ရွက်ညို တောင်မှ ပညာရေးဝန်ထမ်း ၄ ဦး၊ ၎င်းတို့၏ ကလေး ၄ ဦးနှင့် ပြည်သူ ၃ ဦး အား ခေါ်ဆောင်ကာ ဘူးသီး တောင်မြို့ပေါ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ် ရေးသား ဖော်ပြထားသည်။
ကြိမ်ချောင်းတွင် ပိတ်မိနေသော ဒေသခံ တိုင်းရင်းသားများ လိုအပ်နေသော အကူအညီများ ထောက်ပံ့ပေးရေးနှင့် ကယ် ဆယ်ရေးများ မည်သို့ ဆောင်ရွက်မည်ဆိုသည့်အပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများထံ ဆက်သွယ်မေးမြန်းသော် လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်း မရှိပေ။
လက်ရှိအချိန်ထိ မောင်တောမြို့နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်သမားများ တိုက်ပွဲ ဖြစ်ပွားနေ ကြပြီး သမ္မတက စက်တင်ဘာ ၄ ရက်တွင် မောင်တောခရိုင်အတွင်း စစ်ဆင်ရေးနယ်မြေအဖြစ် ခွင့်ပြုပေးခဲ့သည်။