ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင် ကျောင်းသားများ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို ကန်တော့နေသော ဓာတ်ပုံများ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာထက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
စစ်ကိုင်းဆောင် ကျောင်းသားများအနေဖြင့် ဦးခင်ညွန့်ကို သီးခြား ဖိတ်ခေါ်၍ ကန်တော့ကြခြင်း မဟုတ်ဘဲ ရန်ကုန် တက္ကသိုလ် စစ်ကိုင်းဆောင်တွင် နေခဲ့ဖူးသည့် ကျောင်းသားဟောင်းအနေဖြင့် ဖိတ်ကြား၍ ကန်တော့ခဲ့ခြင်းသာဖြစ်ကြောင်း ဝေဖန် ခံနေရသည့် အထဲတွင် ပါဝင်သည့် စစ်ကိုင်းဆောင် အဆောင်မှူး ကိုရဲထွဋ် က ပြောသည်။
ကိုရဲထွဋ် က “ကျနော်တိုက်တွန်းတာလည်း မဟုတ်ဘူး။ သူတို့ဟာသူတို့ ကန်တော့ချင်တယ်ပေါ့နော်။ ဦးခင်ညွန့်ကို ကန်တော့ ချင်တယ်လို့ ပြောတာမဟုတ်ဘူးနော်။ ကျောင်းသားဟောင်းကြီးတွေကို ကန်တော့ချင်တယ်ဆိုပြီးတော့ ပြောလာတဲ့ အတွက် ကြောင့် ကျနော်က ဆရာကြီးတွေကို ကလေးတွေက ကန်တော့ချင်တယ်။ လက်ခံပေးမလားဆိုတော့ ရပါတယ်ဆိုတာနဲ့ ကန်တော့လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့်သည် ၁၉၅၉-၆၀ ခုနှစ်ဝန်းကျင်တွင် ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်တွင်နေ၍ ကျောင်းတက်ခဲ့သည်ဟု ကိုရဲထွဋ် က ပြောသည်။ စစ်ကိုင်းဆောင် ကျောင်းသားများက ကျောင်းသားဟောင်းများနှင့် တွေ့ဆုံချင်သည်ဟုဆို၍ ဒေါက်တာ စိန်မောင်က ဦးခင်ညွန့်ကိုပါ ဖိတ်ကြားပေးခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
ဦးခင်ညွန့် က တက္ကသိုလ်စိန်ရတု ခန်းမတွင် သြဂုတ်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ် စစ်ကိုင်း၊ သီရိ မောင်နှမဆောင် မိတ်ဆုံညစာစားပွဲတွင် ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာ စိန်မောင်၊ နိုင်ငံတကာဆက်ဆံရေး (IR) တည်ထောင်သူ ဒေါက်တာ ခင်မောင်ညွန့် တို့နှင့် အတူ စစ်ကိုင်းဆောင်ကျောင်းသားများ၏ ကန်တော့ခြင်းကို ခံယူခဲ့ခြင်း ဖြစ်သည်။
ထိုဓာတ်ပုံ ထွက်ပေါ်လာပြီးနောက် ၁၉၈၈ လူထုအရေးအခင်းကို သွေးမြေကျနှိမ်နင်းမှု၊ နိုင်ငံ့ပညာရေး စနစ်ကို စနစ်တကျ ဖျက်ဆီးရာတွင် ပါဝင်မှုနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို နှိပ်ကွတ်မှုတွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော ဦးခင်ညွန့် ကဲ့သို့ ပုဂ္ဂိုလ်အား ကန်တော့သည်ဟု ဆိုကာ စစ်ကိုင်းဆောင် ကျောင်းသားတစု လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခံနေရခြင်း များကို တွေ့ရသည်။
မျိုးဆက်သစ် ကျောင်းသားများအနေဖြင့် မိမိတို့ လွတ်လပ်စွာ ကန်တော့ခွင့်ရှိသည် ဆိုသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ကန်တော့ခြင်းမှာ ရုပ်ဆိုးအကျည်းတန်လွန်းကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ၂၀၀၇ ခုနှစ် ကျောင်းသားဟောင်း ကိုစည်သူမောင် က ပြောသည်။
ကိုစည်သူမောင် က “ဆရာကန်တော့ပွဲပဲ ကြားဖူးတယ်ဗျ။ ကျောင်းသားဟောင်း ကန်တော့ပွဲတော့ တခါမှ မကြားဖူးဘူး။ ဦးခင်ညွန့် စစ်ကိုင်းဆောင် ကျောင်းသားဟောင်း ဖြစ်ခဲ့တယ်။ မဖြစ်ခဲ့ဘူးဆိုတာထက် မျိုးဆက်သစ်ကျောင်းသားတွေအနေနဲ့ သူ့ကို ထိုင်ကန်တော့ရလောက်အောင် သမိုင်းမသိတာလားဆိုတာတော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောင်းသားမိတ်ဆုံစားပွဲသို့ ရောက်ရှိလာခဲ့သော ဦးခင်ညွန့် က “တိုင်းပြည်မှာ အလွန်ဆင်းရဲ နွမ်းပါးကြသည်။ နည်းပညာပိုင်း မှာလည်း အလွန်အားနည်းနေပါသည်။ ပညာရှင်အများအပြား လိုအပ်နေပါသည်” ဟု အမှတ်တရ လက်မှတ်ရေးထိုးသွားခဲ့သည်။
ကိုစည်သူမောင်က “ပညာရေးလောကမှာ ကျနော်တို့ နိုင်ငံကို အနိမ့်ဆုံးအဆင့် ရောက်သွားအောင်၊ တိုင်းပြည်ကိုလည်း လုံးဝ ဆင်းရဲမွဲတေသွားအောင် လုပ်ခဲ့တဲ့ သူတယောက်က စစ်ကိုင်းဆောင်ရဲ့ ဒီမိတ်ဆုံစားပွဲ ဒီဘုတ်မှာ အမှတ်တရ လက်မှတ် ထိုးတဲ့ အခါ တိုင်းပြည်က ဆင်းရဲတယ်၊ ဘာညာ ရေးတဲ့ အရေးအသားတခုတွေ့ရတော့ တကယ်တာဝန်ရှိခဲ့တဲ့သူ၊ တကယ် နှိပ်ကွပ်ခဲ့တဲ့ လူတယောက်အနေနဲ့ ရှက်သင့်တာပေါ့ဗျာ” ဟု ပြောသည်။
စစ်ကိုင်းဆောင် အဆောင်မှူး ကိုရဲထွဋ် က “ဦးခင်ညွန့် သည် နိုင်ငံတော်အကြီးအကဲ နံပါတ်ဝမ်း ပုဂ္ဂိုလ် မဟုတ်ခဲ့ဘူး။ စစ်ဗိုလ် တယောက် ဖြစ်ခဲ့တဲ့ အတွက်ကြောင့် အထက်က ပေးခဲ့တဲ့အမိန့်ကို တိတိကျကျ လိုက်နာပြီးတော့ ဆောင်ရွက်ရတာပဲလေ။ ဝန်ထမ်းတွေတောင်မှ တခါတလေကျရင် မတရားမှန်း သိရဲ့သားနဲ့ အထက်ကပေးတဲ့ အမိန့်ဆိုရင် ငြင်းဆန်လို့မရစတမ်း လုပ်ရတာတွေ ရှိခဲ့တာပေါ့နော်” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အစိုးရ အဆက်ဆက်တွင် အတွင်းရေးမှူး (၁)၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ စသည့် ထိပ်တန်းရာထူးများဖြင့် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
၎င်းကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်အစိုးရက အဂတိလိုက်စားမှု၊ တာဝန် အလွဲသုံးစားလုပ်မှု စသည့် စွဲချက်များဖြင့် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သူဖြစ်သည်။