မွန်ပြည်နယ် ကျိုက်မရောမြို့ ကွမ်ငန်းကျေးရွာ အနီး တည်ဆောက်ထားသည့် Mawlamyine Cement Limited (MCL) စက်ရုံသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ခွင့်ပြုမိန့် ရယူထားခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေ၍ ဥပဒေနှင့်အညီ အရေးယူ ဆောင် ရွက်ပေးရန် စက်တင်ဘာလ ၅ ရက်နေ့၌ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းသည့် အဆို အား လွှတ်တော်၌ ဆွေးနွေးရန် လက်ခံခဲ့သည်။
ထိုအဆိုအား ယနေ့ ကျင်းပမည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၊ တတိယရက်၌ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။
“ဥပဒေအထက်တွင် မည်သူမျှ မရှိစေရဟု ဆိုသော်လည်း တည်ဆဲ ဥပဒေများကို လိုက်နာ ကျင့်သုံးမှု အားနည်း နေပါ တယ်။ MCL ဘိလပ်မြေ စက်ရုံတွင် ယခင် ဖြစ်ပွားခဲ့သော တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်နေထိုင်မှု အပြင် ခွင့်ပြု မိန့် ရရှိခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုများဟာ ပြဋ္ဌာန်းထားသော ဥပဒေ နည်းဥပဒေများကို ပေါ်ပေါ် ထင် ထင် ချိုးဖောက်လျက် ရှိပါတယ်” ဟု အဆိုရှင်က တင်ပြ ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများက ဥပဒေ နည်းဥပဒေများအား လေးစားလိုက်နာမှု မရှိခြင်းသည် အစိုးရသစ် ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့်အပြင် အစိုးရသစ်အတွက် အကြီးမားဆုံး ပြဿနာ တရပ်လည်း ဖြစ်ကြောင်း ၎င်းက ဆို သည်။
MCL ကုမ္ပဏီကမူ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ အကျုံးဝင်သည့် ၂၀ မဂ္ဂါဝပ် မီးစက်တလုံး လည်ပတ်အသုံးပြုနိုင်သည့် တနှစ်သက်တမ်းရှိသော ယာယီ လိုင်စင်ကို မွန်ပြည်နယ် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဌာနမှ ခွင့်ပြုမိန့် ရရှိခဲ့သည်ဟု သြဂုတ်လ ၂၉ ရက်နေ့က MCL ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ Mr Surachai Pornjindachote ၏ ပြောစကား ကိုးကားချက်ဖြင့် ထုတ်ပြန်ထားသည့် ကြေညာချက်၌ ဖော်ပြ ထားသည်။
ယနေ့ မွန်ပြည်နယ် လွှတ်တော်တွင် တင်ပြသည့် အဆိုကိစ္စအပေါ် MCL အမှုဆောင် အရာရှိ ဦးဇော်လွင်ဦးနှင့် မန်နေဂျင်း ဒါရိုက်တာတို့အား ဆက်သွယ် မေးမြန်းခဲ့သော်လည်း အစည်းအဝေး တက်ရောက်နေသဖြင့် မေးမြန်းခွင့် မရရှိခဲ့ပါ။
မွန်ပြည်နယ် လွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီက ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ သြဂုတ်လ ၇ ရက်နေ့တွင် MCL ဘိလပ်မြေ စက်ရုံနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို အသုံးပြုမည့် ၂၀ မဂ္ဂါဝပ် ၂ လုံး တည်ဆောက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြ ခွင့်ပြုမိန့် ရယူခဲ့သည့် အခြေအနေကို စာဖြင့် မေးမြန်းခဲ့သည်။
ထိုစာကို သြဂုတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီးဌာနက MCL ကုမ္ပဏီ၏ ဘိလပ်မြေ စက်ရုံအတွက် ကျောက် မီးသွေးသုံး မဂ္ဂါဝပ် ၄၀ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ ကြိုတင်ခွင့်ပြုမိန့် ရယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
MCL စက်ရုံသည် ၎င်းတို့ စက်ရုံ လည်ပတ်ရန် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၀ မဂ္ဂါဝပ် ၂ လုံး တည်ဆောက်စဉ် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည့် ပြည်ထောင်စု လျှပ်စစ်ဥပဒေ ၊ ၂၀၁၆ ခုနှစ် မွန်ပြည်နယ် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဆိုင်ရာ ဥပဒေ တို့နှင့် အညီ ခွင့်ပြုချက် ရယူ၍ လုပ်ဆောင် ထားခြင်း မရှိသဖြင့် ၎င်းအား အရေးယူရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုရှင်က ဆိုသည်။
ပြည်ထောင်စု လျှပ်စစ် ဥပဒေ အရ ၃၀ မဂ္ဂါဝပ် အထက် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ပြည်ထောင်စု လျှပ်စစ် ဝန်ကြီး ဌာနမှ ကြိုတင် ခွင့်ပြုမိန့် ယူရပြီး ၃၀ မဂ္ဂါဝပ်အောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများအတွက် ပြည်နယ်/တိုင်း အစိုးရ တို့ထံမှ ခွင့်ပြုမိန့် ယူရမည်ဟု ဖော်ပြထားသည်။
သို့သော်လည်း ယင်းအချက် နှစ်ချက်လုံးကို MCL ကုမ္ပဏီက ချိုးဖောက်နေကြောင်း မွန်ပြည်နယ် လွှတ်တော်၏ ဥပဒေ ပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ကလည်း ထောက်ပြ ပြောဆိုခဲ့သည်။
“ဒီခွင့်ပြုမိန့် ရမှ ဒီလျှပ်စစ်ကို ထုတ်လို့ ရမှာ ၊ လျှပ်စစ်ဓါတ်အား ထုတ်ပြီဆိုကတည်းက အဲဒီ ထုတ်ဖို့ကို ခွင့်ပြုမိန့် လိုအပ် တာ၊ ဒါကိုလည်း အလွတ်သဘော ပြောတာ မဟုတ်ဘူး ၊ ပြည်ထောင်စုရဲ့ ပြန်စာ အပေါ်မှာ ပြောတာ၊ ပြည်ထောင်စု မှာလည်း မရှိဘူး၊ ပြည်နယ်မှာလည်း မရှိဘူး” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။
ထို့ပြင် MCL ကုမ္ပဏီက ရရှိထားသည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန ခွင့်ပြုမိန့်သည် ဘွိုင်လာအား အသုံးပြုရန် ခွင့်ပြုမိန့် ပေးထားခြင်းသာ ဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုခဲ့သည်။
MCL ဘိလပ်မြေ စက်ရုံသည် ထိုင်းနိုင်ငံ အခြေစိုက် Siam Cement Group (SCG) နှင့် ပြည်တွင်း ကုမ္ပဏီ Pacific Link Cement တို့ ပူးတွဲ တည်ထောင် ထားသည့် ကုမ္ပဏီဖြစ်ကာ ကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားပြီး ၂၀၁၇ ဧပြီလ ၁ ရက်နေ့မှ စ၍ စီးပွားဖြစ် စတင်လည်ပတ်ကာ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၂ ခုနှစ်မှ စတင် ခွင့်ပြုထားပြီး ၄၅ နှစ်ကြာ စက်ရုံ တည်ထောင် လည်ပတ်ခွင့် ရရှိထားသည်။