သတင်း

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အပြောင်းအလဲပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်တွင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင် အစား ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုး) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးအား ပြောင်းလဲခန့်အပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး အဖြစ် ၁၉ လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာမီ ပဲခူးတိုင်းဒေသကြီး ရဲတပ်မှူးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ရဲမှူးကြီးစိန်လွင်က ပြောသည်။

ရဲမှူးကြီးစိန်လွင်က “လုပ်ငန်းလိုအပ်ချက်အရ သင့်တော်တဲ့လူကို သင့်တော်တဲ့နေရာများ ပြောင်းရွေ့ချထား တယ်လို့ပဲ ထင်ပါတယ်”ဟု ပြောသည်။

တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့မှူးများ အပြောင်းအလဲပြုလုပ်ရာ၌ ရခိုင်ပြည်နယ်အပြင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရဲအကြပ်အတတ်သင်ကျောင်းအုပ်ကြီးနေရာ စသည်တို့ ပါဝင်ကြောင်း သိရသည်။

ရခိင်ပြည်နယ် နယ်ခြားစောင့် ရဲဌာနချုပ် ကွပ်ကဲမှုအောက်ရှိ မောင်တောခရိုင် အတွင်း နယ်ခြားစောင့် ရဲစခန်းများအား အကြမ်းဖက်သမားများမှ နှစ်ကြိမ်တိုင် ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားသေဆုံးမှုများလည်းရှိခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်နယ်ခြားစောင့်တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲပြောင်းလဲမှုပြုလုပ်ခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအဖြစ် ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုးခန့်အပ်ခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်နေ့အထိ မောင်တောဒေသအတွင်း ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး၊ ဒေသခံတိုင်းရင်းသား ၂၁ ဦး၊ စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး၊ ဒေသခံတိုင်းရင်းသား ၄ ဦး၊ စုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ်အလုံးရေ ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား ၈ စင်း မိုင်းထောင် ဖျက်ဆီးခြင်းခံခဲ့ရကာ အကြမ်းဖက်မှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိကြောင်း အစိုးရက စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading