ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ် စွန့်ခွာ၍ နယ်စပ် ဧရိယာအပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံ နေထိုင်ရလျက်ရှိပြီး စက်တင်ဘာ ၅ ရက်အထိ အကြမ်း ဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင် ဘာ ၅ ရက်အတွင်း ကျေးရွာပေါင်း ၅၉ ရွာ၊ နေအိမ် ၆၀၀၀ ကျော် မီးရှို့ ဖျက်ဆီး ခံခဲ့ရကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကြိမ်ချောင်း၊ တောင်ပြို အပါအဝင် ကျေးရွာအများအပြား တွင် စားရိက္ခာများ လိုအပ်နေသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများနှင့် ကယ်ဆယ်ရေးအကူအညီများ ပေးအပ်လာမည့် အချိန်ကို စောင့်မျှော်နေကြသည်ဟု ရခိုင် အမျိုးသားပါတီ(ANP)မှ အထွေထွေအတွင်းရေးမှုး ဦးထွန်း အောင်ကျော်က ပြောသည်။
ဦးထွန်းအောင်ကျော်က “ ကြိမ်ချောင်းမှာ ပိတ်မိနေတဲ့ လူတွေက စားနပ်ရိက္ခာ ပြတ်တော့မယ်။ အကူအညီ လှမ်းတောင်း တယ်။ ဒါပေမဲ့ မောင်တောကနေ ကြိမ်ချောင်းကို သွားတဲ့ လမ်းတလျှောက် လက်လုပ်မိုင်းတွေ ထောင်ထားတယ်။ ရဟတ် ယာဉ် တခုပဲ သွားလို့ရတယ်။ ဒါကလည်း အစိုးရဘက်က ရဟတ်ယာဉ်အသုံးပြုမှုက အဲဒီဘက်ကို မသွားနိုင်သေးဘူး ဖြစ် နေတယ်။ ဒါကြောင့် ကျနော်တို့ ကြိမ်ချောင်းမှာ ပိတ်မိနေတဲ့ လူတွေကို အကူအညီပေးဖို့ အခက်အခဲဖြစ်နေတယ်”ဟု ပြောသည်။
အဆိုပါ ကော်မတီ၏ စက်တင်ဘာ ၅ ရက်က ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက် အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့များ ထိတွေ့ တိုက်ခိုက် မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရသည်ဟု ဆိုထား သည်။
ထို့ပြင် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဒေသခံ ဟိန္ဒူဘာသာဝင် ၇ ဦး၊ ဘင်္ဂါလီ ၇ ဦး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်သမား ၃၇၁ ဦး အသေရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး၊ ဒေသခံ တိုင်းရင်းသား ၄ ဦး၊ စုစုပေါင်း ၂၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ်အလုံးရေ ၆၈၄၂ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၈၄၂ သိန်းဖိုးရှိကာ တံတား ၈ စင်းလည်း မိုင်းထောင် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
အလားတူ ဘင်္ဂါလီကျေးရွာ ၅၃ ရွာမှ ဈေး(ဆိုင်ခန်း) ၃၁၁ဆိုင် ၊ တိုင်းရင်းသားကျေးရွာ ၄ ရွာမှ ဈေး(ဆိုင်ခန်း) ၁၃ ဆိုင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယာဉ် ၁၇၄ စီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုအစိုးရ အဖွဲ့ ဝင်များ၊ တပ်မတော် အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး မောင်တောဒေသအား စစ်ဆင်ရေးနယ်မြေ အဖြစ် သတ်မှတ်ခြင်းနှင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းတို့ဖြင့် အပြစ်မဲ့ ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုထားသည်။
အကူအညီများ ပေးအပ်ရန် အစိုးရမှ အစီအမံများ ချမှတ်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသည် ကြက်ခြေနီလှုပ်ရှားမှု(Red Crosss Movement)နှင့် အတူတကွ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာရသူများအား ကူညီထောက်ပံ့မှုများ ပေးအပ်ရာ၌ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ခြင်းဆိုင်ရာ အခြေခံမူများနှင့်အညီ ခွဲခြားမှုမရှိဘဲ ပြည်တွင်း၊ ပြည်ပ အလှူရှင်များမှ ပူးပေါင်းပါဝင် ကူညီထောက်ပံ့နိုင်ရန် ထိရောက်စွာ ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ရေး ကော်မတီက ဆိုသည်။
မောတောမြို့နယ်အတွင်းမှ လောင်းဒုံ၊ ရွက်ညိုတောင်၊ တမန်းသားစသည့် ကျေးရွာများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရဟတ်ယာဉ်အသုံးပြု၍ ဆန်၊ဆီ၊ဆား၊ပဲ အပါအဝင် စားနပ်ရိက္ခာများကို သွားရောက် လှူဒါန်းခဲ့ပြီး ရွက်ညိုတောင်မှ ပညာရေးဝန်ထမ်း ၄ ဦး၊ ၎င်းတို့၏ ကလေး ၄ ဦးနှင့် ပြည်သူ ၃ ဦးအားခေါ်ဆောင်ကာ ဘူးသီးတောင်မြို့ပေါ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု စက်တင်ဘာ ၃ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသား ဖော်ပြထားသည်။